ကျွဲ၊ နွားများ သယ်ဆောင်ရာတွင် ကန့်သတ်ချက်အချို့ ဖြေလျှော့

0
524

ကျွဲ၊ နွားများကို ပြည်တွင်း၌ သယ်ဆောင်ရာတွင် ကန့်သတ်ချက်အချို့ကို ပြင်ဆင်ဖြေလျှော့ပေးလိုက်ပြီဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဇွန်လ ၂ ရက်တွင် ထုတ်ပြန်ထားသည်။

တောင်သူလယ်သမားတစ်ဦးလျှင် နှစ်ကောင်ထက်မပိုသော ခိုင်းကျွဲ၊ ခိုင်းနွားများကို နယ်နိမိတ်ချင်း ထိစပ်နေသည့် ကျေးရွာတစ်ခုမှ အခြားကျေးရွာတစ်ခု သို့မဟုတ် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ မွေးမြူရန်သို့မဟုတ် လယ်ယာလုပ်ငန်းခွင်တွင် အမှန်တကယ်အသုံးပြုရန် သယ်ဆောင်ခြင်းဖြစ်ပါက သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန(မွေး/ကု)မှ ထုတ်ပေးသည့် တိရစ္ဆာန်ကျန်းမာရေး ထောက်ခံချက်လက်မှတ်မူရင်းတို့နှင့်အတူ သယ်ဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒါက တောင်သူလယ်သမားအတွက်ပဲ ဖြေလျှော့ပေးတာ ဖြစ်တယ်။ တောင်သူ လယ်သမားတစ်ယောက်က သူမွေးဖို့ လယ်ယာလုပ်ငန်းခွင်မှာ ခိုင်းဖို့ နွားလေးနှစ်ကောင်သယ်တာကိုမှ တိုင်းတွေ ပြည်နယ်တွေ ရုံးချုပ်တွေ အဆင့်ဆင့်သွားနေရ မယ်ဆိုရင် ဒါအောက်ခြေမှာ မဖြစ်နိုင်ဘူး” ဟု ထားဝယ်ခရိုင်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ (ယာယီ)တိုင်းဦးစီးမှူး ဦးသန်းဌေးက ပြောသည်။

ယင်းကြောင့် တောင်သူလယ်သမား အကျိုးစီးပွားကာကွယ်ရေး ဥပဒေအရ ညှိနှိုင်းပြင်ဆင်ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

စီးပွားဖြစ် သယ်ဆောင်သူ၊ မွေးမြူရေးခြံ ပြောင်းသူ၊ သားသတ်အတွက် သယ်ဆောင်သူများနှင့် နှစ်ကောင်ထက်ပို သယ်ယူသူများအနေဖြင့် မတ်လ ၁၁ ရက် တွင် ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားစာအတိုင်း သယ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

မတ်လ ၁၁ ရက်ထုတ်ပြန်ချက်အရ ကျွဲ၊ နွားများကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားပြီး မြို့နယ်တစ်ခုမှ အခြားမြို့နယ် တစ်ခု၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သယ်ဆောင်ရာတွင် သက်ဆိုင်ရာ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ တိရစ္ဆာန်ကျန်းမာရေး ထောက်ခံချက် လက်မှတ်မူရင်း၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ကျွဲ၊ နွားသယ်ဆောင်ခွင့် လက်မှတ်မူရင်း နှင့် တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးဌာနမှူး၏ စိစစ်ခွင့်ပြုကြောင်း အကြောင်းကြားစာ၊ ရုံးချုပ်မှ ခွင့်ပြုကြောင်း အကြောင်းကြားစာတို့ဖြင့် သယ်ဆောင်ရမည် ဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ တနင်္သာရီတိုင်းတွင် ခိုင်းနွား ၆၅၃၁၈ ကောင်၊ နို့စားနွား ၁၇၁၉ ကောင်၊ ခိုင်းကျွဲ ၃၂၉၂၀ ကောင်၊ နို့စားကျွဲ ၃၂၂ ကောင်ရှိကြောင်း တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနထံမှ သိရသည်။

မိုးမြင့်