ဧပြီလလျှပ်စစ်ယူနစ်အခမဲ့ခံစားခွင့်အတွက် ငွေမရသေး

0
390

ကိုရိုနာရောဂါ ကာကွယ်ထိန်းချုပ်ရေး အရေးကြီးကာလဖြစ်သည့် ဧပြီလအတွက် လျှပ်စစ်ယူနစ် ၁၅၀ အခမဲ့သုံးစွဲခွင့်ကို တနင်္သာရီတိုင်းသားများခံစားခွင့်ရမည်ဟု အကြောင်းကြားထားသော်လည်း နေပြည်တော်မှ ငွေကြေးမရသေးကြောင်း တိုင်းဒေသကြီးလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက ပြောကြားသည်။

လျှပ်စစ်ယူနစ် ၁၅၀ ခံစားခွင့်ရရေးအတွက် မဟာဓာတ်အားလိုင်း လျှပ်စစ်ယူနစ်ဈေးနှုန်းဖြင့် ပြည်ထောင်စုအစိုးရထံ တွက်ချက်တင်ပြထားရာ ခွင့်ပြုကြောင်း စီမံ/ဘဏ္ဍာဌာနက ခွင့်ပြုပေးမည်ဟု အကြောင်းကြားထားသည်ဟု ဆိုသည်။

သို့ရာတွင် ပြည်ထောင်စုအစိုးရ အဖွဲ့ အစည်းအဝေးတွင် မဆုံးဖြတ်ရသေးသည့်အတွက် ငွေမရသေးကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ဆိုသည်။

“ယူနစ်ကိစ္စကတော့ အဆင်မပြေသေးဘူး။ အပြန်ပြန်အလှန်လှန်ဖြစ်နေတာပေါ့။ စာပို့လိုက် လိုအပ်ချက်ကို ပြန်တောင်းလိုက် ပြန်ပို့လိုက် ဒီလိုဖြစ်နေတာ” ဟု ဦးအောင်သူရက ပြောသည်။

သို့သော် ယနစ် ၁၅၀ ခံစားခွင့်ရရှိရေးမှာ သေချာနေပြီး မည်သည့်အချိန်တွင် ငွေကြေးရရှိမည်ကို မသိနိုင်သေးကြောင်း ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းအနေဖြင့် ဧပြီလအတွက် လျှပ်စစ်ယူနစ်ခံစားခွင့်မရသေးမီမှာပင် မေလနှင့် ဇွန်လဝက်အတွက် ယူနစ်အခမဲ့ခံစားခွင့်ပြုကြောင်း ပြည်ထောင်စုအစိုးရက ထုတ်ပြန်ကြေညာထားသည်။

ထိုအခွင့်အရေးအားလုံး တနင်္သာရီတိုင်းခံစားခွင့်ရရေး ပြည်ထောင်စုအစိုးရထံ တင်ပြထားပြီးဖြစ်ကြောင်း ဝန်ကြီးဦးအောင်သူရက ဆိုသည်။

တနင်္သာရီတိုင်းအတွင်း မီတာအလုံးရေ တစ်သိန်းလေးသောင်းကျော်ရှိပြီး ပြည်ထောင်စုထောက်ပံ့ငွေမရမီ မီတာတစ်လုံးလျှင် ငွေကျပ်ငါးထောင်နှုန်းကို တိုင်းအစိုးရရန်ပုံငွေဖြင့်ထောက်ပံ့ထားသည်။

လက်ရှိပြည်ထောင်စုက မဟာဓာတ်အားလိုင်းနှုန်းထားအတိုင်း ထောက်ပံ့ငွေကို မေလအတွက် ဓာတ်အားခပေးသွင်းချိန်တွင် တိုင်းအစိုးရကထောက်ပံ့ထားသည့် ငါးထောင်ကျပ်ကိုနုတ်ကာ ခုနှိမ်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးဦးအောင်သူရက ပြောဆိုထားသည်။

ဥပမာအားဖြင့် ဧပြီလ လျှပ်စစ် ယူနစ် ၁၅၀ အခမဲ့အတွက် ငွေကျပ် ၁၁၅၅၀ ရရှိမည်ဆိုပါက တိုင်းအစိုးရထောက်ပံ့သည့် ငါးထောင်ကျပ် နုတ်ယူမည်ဖြစ်သည်။