ယာယီပိတ်ထားသည့် ဟိုတယ်အများစု ပြန်ဖွင့်

0
367

ကိုဗစ်ကပ်ဘေးကြောင့် တိုင်းအတွင်းယာယီပိတ်ထားသည့် ဟိုတယ်အများစု ပြန်ဖွင့်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှသိရသည်။


တိုင်းအတွင်း ဟိုတယ်/ ခရီး လိုင်စင်ရ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၄၆ လုံးရှိသည့်အနက် လက်ရှိတွင် ၂၁ လုံး ပြန်ဖွင့်ပြီဖြစ်ကြောင်း အထက်ပါဌာနစာရင်းအရ သိရသည်။


တိုင်းအတွင်းရှိ ဟိုတယ် ၃ လုံးမှလွဲ၍ ကျန်သည့်ဟိုတယ်အားလုံးနီးပါးက ကိုရိုနာရောဂါပိုး ကူးစက်ဖြစ်ပွားမှု အများဆုံး ကာလဖြစ်သည့် မတ်လနှင့် ဧပြီလတွင် ယာယီပိတ်ထားကြောင်း ဟိုတယ်/ခရီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးညိုအေးက ဆိုသည်။


ယင်းကဲ့သို့ယာယီပိတ်ရန် တိုင်းအစိုးရနှင့် ၎င်းတို့ဌာနက ညွှန်ကြားခြင်းမဟုတ်ဘဲ လုပ်ငန်းရှင်များက ၎င်းတို့သဘောအရ ပိတ်ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။


ပိတ်ထားသည့်ဟိုတယ်များအနက် မေလနှင့် ဇွန်လအတွင်း ၁၈ လုံး ပြန်ဖွင့်ပြီဖြစ်ကြောင်း ဦးညိုအေးက ဆိုသည်။


ထားဝယ်ခရိုင်အတွင်း ဟိုတယ် ၁၀ လုံး၊ မြိတ်ခရိုင်အတွင်း ၁၀ လုံးနှင့် ကော့သောင်းခရိုင်အတွင်း ၁ လုံးတို့ ပြန်ဖွင့်ကြခြင်းဖြစ်သည်။


“ကျွန်တော်ထင်ပါတယ်၊ ပုံမှန် ကာလကိုရောက်ဖို့တော့ အချိန်နည်းနည်း ပြန်ယူရဦးမှာဖြစ်ပါတယ်” ဟု ဟိုတယ်/ ခရီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးညိုအေးက ပြောသည်။


ဟိုတယ်အများစု ပြန်ဖွင့်ပြီဖြစ်သော်လည်း လက်ရှိတွင် ဧည့်သည်တည်းခိုမှု နည်းပါးလွန်းနေကြောင်း ဟိုတယ်လုပ်ငန်းရှင်အချို့က ညည်းတွားကြသည်။


လက်ရှိတွင်ဧည့်သည်တည်းခိုမှုမှာ ကိုဗစ်ကပ်ဘေးမဖြစ်မီအခြေအနေထက် ၉၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း ထားဝယ်မြို့ပေါ်ရှိ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။


ယမန်နှစ်က လက်ရှိအချိန်တွင် အခန်း ၂၀ ခန့် ဧည့်သည်လာရောက်ရာမှ လက်ရှိတွင် ၂ ခန်းခန့်သာရတော့ကြောင်း ၎င်းက ပြောသည်။


“အောက်တိုဘာလလောက်မှ ပြန်ကောင်းမယ်လို့ မှန်းတယ်” ဟု အထက်ပါ ဟိုတယ်လုပ်ငန်းရှင်က ဆိုသည်။


ဟိုတယ်များ ယာယီရပ်နားထားချိန်တွင် ဝန်ထမ်းအချို့ကို လစာမဲ့ခွင့်ဖြင့် ယာယီအလုပ်နားထားခြင်း၊ ဝန်ထမ်း အင်အားလျှော့ခြင်း၊ လစာငွေပမာဏ လျှော့ချခြင်း အစရှိသည့် နည်းအမျိုးမျိုးဖြင့် ကျားကန်ထားရသည်ဟု ဟိုတယ်လုပ်ငန်းရှင်အချို့က ပြောသည်။


ကိုဗစ်ကပ်ဘေးကာလအတွင်း ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် ဟိုတယ်လိုင်စင်၊ ခရီးလှည့်လည်ရေးလုပ် ငန်းလိုင်စင်၊ ဧည့်လမ်းညွှန်လိုင်စင်ကြေးများကို တစ်နှစ်စာဖြေလျော့ပေးထားသည်။