ကျပ်သိန်းတစ်ရာခန့်ရှိ ဆေးဝါးနှင့် အလှကုန်များ ဖျက်ဆီး

0
344

ကျပ်သိန်းတစ်ရာဖိုးခန့်ရှိ သက်တမ်းလွန်၊ စံမမီ၊ မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးနှင့် အလှကုန်များကို ဇွန်လ ၉ ရက်နေ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)ထံမှ သိရသည်။


ဇန်နဝါရီလမှ မေလအထိ ထားဝယ်ခရိုင်ဈေးကွက်အတွင်း သိမ်းဆည်းရမိသည့် သက်တမ်းလွန်၊ စံမမီ၊ မှတ်ပုံတင်မရှိသော ဆေးဝါး၊ ဆေးပစ္စည်းနှင့် သုံးစွဲရန်မသင့်သည့် အလှကုန်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း တိုင်း FDA ဌာနမှ တိုင်းဦးစီးမှူး ဒေါ်မေသန်းနိုင်က ပြောသည်။


“သက်တမ်းလွန်ကိုတော့ ပစ္စည်း သိမ်းဆည်းထားတယ်။ မှတ်ပုံတင်မရှိတဲ့ ဆေးဝါးတွေ ရောင်းချနေတယ်ဆိုရင် သုံးလ ယာယီပိတ်သိမ်းခိုင်းပါတယ်” ဟု ဒေါ်မေသန်းနိုင်က ဆိုသည်။


၂၀၂၀ ခုနှစ် မတ်လမှ ဧပြီလအထိ ထားဝယ်ခရိုင်တွင် အမျိုးသားဆေးဝါးဥပဒေဖြင့် သုံးလယာယီပိတ်သိမ်းကာ အရေးယူထားသည့် ဆေးဆိုင် ၁၁ ဆိုင်ခန့် ရှိပြီး မြိတ်ခရိုင်တွင် ဧပြီလက ၃ ဆိုင် အရေးယူထားကြောင်း ဒေါ်မေသန်းနိုင်က ပြောသည်။


သုံးစွဲရန်မသင့်သည့် တားမြစ်အလှကုန်ရောင်းချမှုကို အရေးယူနိုင်မည့် အလှကုန်ဥပဒေမူကြမ်းထွက်ရှိနေပြီဖြစ်ကြောင်း ဒေါ်မေသန်းနိုင်က ပြောသည်။


၂၀၁၉ ခုနှစ်က ခရိုင်သုံးခုရှိ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးစဉ် သိမ်းဆည်းရမိခဲ့သော သုံးစွဲရန်မသင့်သည့် အလှကုန်များ၊ သက်တမ်းလွန်ဆေးပစ္စည်းများ၊ မှတ်ပုံတင်မရှိသည့် ဆေးဝါးများနှင့် စားသုံးရန်မသင့်သည့် အစားအသောက်များ ကျပ်သိန်း ၁၅၀ ဖိုးခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အထက်ပါဌာနထံမှ သိရသည်။

မိုးမြင့်