ရေကြောင်းရဲတပ်ဖွဲ့က လျှောက်ထားသည့် မြေနေရာကို မူလပိုင်ရှင်ဆိုသူ ကန့်ကွက်

0
289

ထားဝယ်မြို့ ဆန်းချီတိုးချဲ့ကွက်သစ် တိုင်းဥပဒေချုပ်ရုံးကျောဘက်ရှိ မြေနေရာအား ရေကြောင်းရဲတပ်ဖွဲ့ခွဲ (ထားဝယ်) မှ မြေလွှဲပြောင်းပေးရန် လျှောက်ထားသည့်ကိစ္စကို မူလပိုင်ရှင်ဟုဆိုသူ ဦးသောင်းညွန့်က ဇွန်လ ၁၀ ရက်တွင် ကန့်ကွက်စာပေးပို့လိုက်ကြောင်း သိရသည်။


ဘိုးဘွားစဉ်ဆက်လုပ်ကိုင်စား သောက်လာသည့် မြေနေရာဖြစ်ခြင်း၊ မြို့သစ်စီမံကိန်းကြောင့် ထိခိုက်ခဲ့သည့် ကိစ္စအားဖြေရှင်းရန် အစိုးရမှ စိစစ်ဆောင်ရွက်နေဆဲဖြစ်ခြင်းတို့ကြောင့် ယင်းသို့ ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဦးသောင်းညွန့်၏ ကန့်ကွက်စာတွင် ဖော်ပြထားသည်။


ဦးသောင်းညွန့်အပါအဝင် လျော်ကြေးမရသေးဟုဆိုသည့် လယ်သမား ၃၀ ဦးကို ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မေလမှစတင် ခေါ်ယူစစ်ဆေးလျက်ရှိပြီး ယင်းကိစ္စမှာ ရှင်းရှင်းလင်းလင်း အဖြေမထွက်သေးပေ။


“ငါတို့ကိစ္စက မရှင်းလင်းသေးဘူးဆိုတော့ ကန့်ကွက်ထားရတာပေါ့။ ငါတို့က လျော်ကြေးနစ်နာကြေးတွေလဲ လုံးဝမရသေးဘူးလေ” ဟု ဦးသောင်းညွန့်က ဆိုသည်။


အဆိုပါမြေနေရာတွင် ဦးသောင်ညွန့်၏ ဆွေမျိုးသားချင်း မိသားစုနှစ်ခု နေထိုင်လျက်ရှိပြီး နေအိမ်နှစ်လုံးနှင့် တင်းကုပ်တစ်ခု ရှိနေသည်ကို တွေ့ရသည်။


လျှောက်ထားလာသည့် ကန့်ကွက်စာကို စိစစ်ပြီးက ခရိုင်၊ တိုင်းမှ ဗဟိုလယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးအထိ ပေးပို့မည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းက ပြောသည်။


“အခုကိစ္စက မြေလွှဲပြောင်းပေးဖို့လျှောက်တာဆိုတော့ ဗဟိုအထိသွားမှာ” ဟု ဦးအောင်ဆန်းဝင်းက ပြောသည်။


လျှောက်ထားသည့်ဌာနဖက်ကလည်း စာရွက်စာတမ်း အပြည့်အစုံမရသေးသဖြင့် ယင်းကိစ္စသည် အချိန်ကြာနိုင်ကြောင်း ၎င်းက ပြောသည်။


ယခင်က ထားဝယ်မြို့သစ်စီမံကိန်းမြေအတွင်း ဌာနဆိုင်ရာတစ်ခုခုက လုပ်ငန်းဆောင်ရွက်မည်ဆိုက ယခုကဲ့သို့ ကန့်ကွက်စာခေါ်လေ့မရှိဘဲ ဆောင်ရွက်လေ့ရှိကြောင်းလည်း လယ်သမားအချို့က ပြောဆိုကြသော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးကမူ ဥပဒေလုပ်ထုံး လုပ်နည်းအတိုင်းသာ ဆောင်ရွက်ကြောင်း ပြောဆိုသည်။

ကျော်သူစိုး