မြိတ်-ရန်ကုန် ခရီးသည်ယာဉ်လိုင်း စဖွင့်

0
655

ကိုဗစ်ကပ်ဘေးကြောင့် နှစ်လအကြာရပ်နားထားရသည့် မြိတ်နှင့် ရန်ကုန် ခရီးသည်ယာဉ်လိုင်းများအား လူတစ်ဦးလျှင် ထိုင်ခုံနှစ်လုံးစနစ်ဖြင့် စတင်သွားလာခွင့်ပြုလိုက်ကြောင်း အဝေးပြေးယာဉ်လိုင်းအသင်းများထံမှ သိရသည်။


မြိတ်နှင့် ရန်ကုန်အပါအဝင်မြို့ကြီးများသို့ ခရီးသည်များပို့ဆောင်ရန် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဇွန်လ ၅ ရက်နေ့မှ စတင်ပြေးဆွဲခွင့်ပြုလိုက်ကြောင်း ယာဉ်လိုင်းအသင်းတာဝန်ခံများက ပြောသည်။


ယာဉ်ပြေးဆွဲရာတွင် ခရီးသည် ၄၅ဦးဆန့်သည့် ယာဉ်တစ်စီးလျှင်၂၂ ဦးဖြင့် ထက်ဝက်သာ တင်ဆောင်ခွင့်ပြုထားကြောင်း ရွှေဝယ်သူဂိတ်မှူး ကိုပြည့်စုံအောင်က ပြောသည်။


“ထိုင်ခုံနှစ်လုံး လူတစ်ယောက်နှုန်းနဲ့သာ တင်ဆောင်ခွင့်ပြုထားပါတယ်” ဟု ၎င်းကပြောသည်။
ယင်းအတွက် ယခင်ကမြိတ်မှ ရန်ကုန်သို့ လက်မှတ်တစ်စောင် ၂၃၅၀ဝ ကျပ် ကျသင့်ရာမှ ယခုအခါ ၃၃၅၀ဝ ကျပ်သို့ တိုးမြှင့်ရောင်းချရန်ခွင့်ပြုထားသည်ဟု ကိုပြည့်စုံအောင်က ပြောပြသည်။


“ခရီးသည်တွေက ဈေးနှုန်းပိုသွားတဲ့ အပေါ် စောဒက မတက်ကြပါဘူး။ သူတို့လည်း ဒီအခြေအနေကိုနားလည်ကြတယ်” ဟု မန်းရာဇာအဝေးပြေးယာဉ်လိုင်း ဂိတ်မှူးဦးခင်မောင်မြင့်က ပြောသည်။


ခရီးသည်များအနေဖြင့် ကားတွင်စီးနင်းလိုက်ပါသည့်အခါ ရပ်ကွက် ထောက်ခံစာ၊ နာမကျန်းဖြစ်နေလျှင် ဆေးစာများပါရှိရမည်ဖြစ်ပြီး နှာခေါင်းစည်းများကိုလည်း တပ်ဆင်ထားရန်လိုအပ်ကြောင်း ရွှေဝယ်သူယာဉ်မောင်း ကိုဝိုင်းဇင်က ပြောပြသည်။


“ခရီးသည်တွေမှာရော ကားဆရာတွေမှာပါ အန္တရာယ်ရှိတဲ့အတွက် စည်းကမ်းလိုက်နာဖို့တော့ လိုတာပေါ့။ ကျွန်တော်တို့လည်း ကြောက်ကြောက်နဲ့ မောင်းနေရတာလေ” ဟု ၎င်းက ပြောသည်။


မြိတ် အဝေးပြေးကားရပ်နားစခန်းတွင် မြိတ်-ရန်ကုန်နှင့် တစ်ခြားမြို့ကြီးများသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းပေါင်းသုံးဆယ်ကျော်ရှိပြီး ကိုဗစ်ကာလမဖြစ်ခင်က ယာဉ်လိုင်းတလိုင်းလျှင် တစ်နေ့ကားတစ်စီးမှ သုံးစီးခန့် ပုံမှန်ပြေးဆွဲလျက်ရှိကြောင်း အဝေးပြေးယာဉ်လိုင်း များထံမှ သိရသည်။