ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးအား ၆၆(ဃ)ဖြင့် တရားစွဲထားသည့်အမှု ဥပဒေအကြုံပြုချက် တောင်းရန် စီစဉ်နေဟုဆို

0
313

မြိတ်ခရိုင် တနင်္သာရီမြို့နယ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၏ မဟုတ်မမှန်သတင်းအား ဖော်ပြဖြန့်ဝေခဲ့သည်ဆိုသည့် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးအား ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုထားသည့်အမှုမှာ ဥပဒေအကြုံပြုချက် တောင်းရန် စီစဉ်နေဆဲဖြစ်ကြောင်း တနင်္သာရီမြို့နယ် မြို့မရဲစခန်းထံမှ သိရသည်။


အဆိုပါအမှုကို စတင်တရားစွဲဆိုထားသည်မှာ သုံးလကျော်ကြာပြီ ဖြစ်သည်။


ရန်ကုန်ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့ထားသည့် တရားစွဲဆိုခံထားရသူ၏ ဖုန်းစစ်ဆေးချက်များအား ပြီးခဲ့သည့်ရက်ပိုင်းက ရရှိသည့်အတွက် ဥပဒေအကြုံပြုချက် တောင်းရန်စီစဉ်နေကြောင်း တနင်္သာရီမြို့နယ် မြို့မရဲစခန်းမှတာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပြသည်။


ဥပဒေအကြုံပြုချက်တောင်းပြီးနောက် တရားရုံး၌ တရားစွဲဆိုခွင့်ပြုချက်ရရှိစေရန်အတွက် သက်ဆိုင်ရာဌာနအဆင့်ဆင့်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြရမည်ဖြစ်သောကြောင့် တရားစွဲဆိုခွင့်ပြုချက်ရမည့် အချိန်အားအတိအကျပြောဆိုနိုင်ခြင်း မရှိသေးကြောင်း တာဝန်ရှိရဲတပ်ဖွဲ့ဝင်က ပြောပြသည်။


“ပြောလို့‌တော့ မရဘူး၊ အဆင့်ဆင့် တင်ရတာကိုး” ဟု အထက်ပါ တာဝန်ရှိရဲတပ်ဖွဲ့ဝင် ပြောသည်။


အဆိုပါအမှုအား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က တနင်္သာရီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ဆန်းဝင်းက တရားလိုပြုလုပ်ကာ တနင်္သာရီမြို့မ ရဲစခန်းတွင် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။


တနင်္သာရီမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေတို့နှင့် ပတ်သက်သည့် မဟုတ်မမှန်သတင်းအား Phyu Myo ဖေ့စ်ဘွတ်အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖေဖော်ဝါရီလ ၁၉ ရက်က ဖော်ပြဖြန့်ဝေခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းမှ သိရသည်။


Phyu Myo အကောင့်ပိုင်ရှင် ဦးဖြူမျိုးဝင်းကမူ လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်ပေါ်တွင်မျှဝေခဲ့သည့် စာသားများမှာ အခြားအကောင့်တစ်ခုမှကူးယူပြီး ဖော်ပြခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။


“မြန်မြန်ရင်ဆိုင်ဖြေရှင်းပြီး မြန်မြန် ပြီးချင်လှပါပြီ” ဟု တရားစွဲဆိုခံထားရသူ ဦးဖြူမျိုးဝင်းက ပြောသည်။


ဦးဖြူမျိုးဝင်း မျှဝေခဲ့သည့် စာသားများသည် အမေ့သားဟု အမည်ပေးထားသည့် ဖေ့စ်ဘွတ်အကောင့်ဖြင့် မြိတ်သတင်းဖေ့စ်ဘုတ် Group ဖေဖော်ဝါရီလ ၁၈ ရက်က ရေးသားထားသည့် စာသားများဖြစ်သည်။


ဖော်ပြဖြန့်ဝေခဲ့သည့် စာသားများတွင် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးသည် ကိုယ်စားလှယ်မဖြစ်ခင်က ဆိုင်ကယ်နှင့် အငှားကားဖြင့်သာ သွားလာကြသူများဖြစ်ပြီး လွှတ်တော်သက်တမ်း လေးနှစ်ကျော်လာသည့်အခါ တိုက်ဆောက်ခြင်း၊ သိန်းလေးငါးရာတန် မော်တော်ယာဉ်များစီးနင်းခြင်းနှင့် KTV တွင် မယားငယ်ထားခြင်းစသည့် အကြောင်းအရာတို့ ပါဝင်သည်။


တရားစွဲဆိုခံရသည့် ဦးဖြူမျိုးဝင်း ကို ဖေဖော်ဝါရီ ၂၈ ရက်တွင် တနင်္သာရီ မြို့မရဲစခန်းက စစ်ဆေးမေးမြန်းပြီး လက်ကိုင်ဖုန်းအားသိမ်းဆည်းခဲ့ကာ အာမခံဖြင့်ပြန်လွှတ်ပေးခဲ့ကြောင်း ဦးဖြူမျိုးဝင်းက ဆိုသည်။


ဦးဖြူမျိုးဝင်းသည် တနင်္သာရီမြို့နယ် ပြည်ခိုင်ဖြိုးပါတီအမှုဆောင်ရုံးမှ ရုံးဦးစီးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပြည်ထောင်စုနေ့စဉ်သို့ သတင်းများရေးသားပေးပို့နေသူ ဖြစ်သည်။

မြင့်မိုရ်(မြိတ်)