တိုင်းလွှတ်တော်က မြေယာ အငြင်းပွားမှု စောင့်ကြည့်ရေး အဖွဲ့တစ်ခု အသစ်ဖွဲ့စည်း

0
267

တနင်္သာရီတိုင်းလွှတ်တော် မြေယာအငြင်းပွားမှု စောင့်ကြည့်ရေးအဖွဲ့ တစ်ခုကို ဇွန်လ ၄ ရက်က ပြုလုပ်သည့် တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ဖွဲ့စည်းလိုက်သည်။


ယင်းအဖွဲ့ကို ကျွန်းစုမြို့နယ်က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတိုးလွင်က ဥက္ကဋ္ဌအဖြင့် တာဝန်ယူမည်ဖြစ်ပြီး အရပ်ဘက်အဖွဲ့အစည်းမှ ပုဂ္ဂိုလ်သုံးဦးအပါအဝင် စုစုပေါင်းအဖွဲ့ဝင်ကိုးဦး ပါဝင်မည်ဖြစ်သည်။


အရပ်ဘက်အဖွဲ့အစည်းမှ အဖွဲ့ဝင်အဖြစ် ထားဝယ်ခရိုင်အတွက် ဦးသန်းဝင်း၊ မြိတ်ခရိုင်အတွက် ဦးမိုးသူအောင်၊ ကော့သောင်းအတွက် ဦးကျော်ထင်တို့ကို ထည့်သွင်းဖွဲ့စည်းထားသည်။


ယင်းအဖွဲ့သည် တိုင်းအစိုးရက မြေယာအငြင်းပွားမှု အခြေအနေများကို မူဝါဒနှင့်အညီ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နေခြင်း ရှိ/မရှိ တို့ကို စောင့်ကြည့်မည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။


ယင်းအပြင် တိုင်းလွှတ်တော်ထံ တိုင်ကြားထားသည့် မြေယာကိစ္စများကိုလည်း ယင်းအဖွဲ့က စိစစ်ကာ တွေ့ရှိချက်များကို လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် တိုင်းအစိုးရထံ ပေးပို့မည်ဖြစ်သည်။


မြေယာကိစ္စနှင့်ပတ်သက်ပြီး တိုင်းလွှတ်တော်ထံ တိုင်ကြားစာ မည်မျှရှိသည်၊ မည်သည့်တိုင်ကြားချက်များကို ဦးစားပေးကိုင်တွယ်မည်ကို အသေးစိတ်စိစစ်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်က ပြောသည်။


“တိုင်ကြားစာတွေထဲကနေ ဘာတွေကိုတော့ ဦးစားပေးပြီးတော့ လုပ်မယ်ဆိုတာတွေ ခွဲထုတ်မယ်။ ပြီးရင် ဦးစားပေးပြီး ဆောင်ရွက်ရမည့် ကိစ္စတွေကို အမြန်ဆုံး ဆောင်ရွက်သွားမယ်” ဟု ဦးတိုးလွင်က ပြောသည်။


ယင်းအဖွဲ့သည် မြေယာကိစ္စ အငြင်းပွားမူနှင့် ပတ်သတ်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို လွှတ်တော်သို့ ခေါ်ယူကြားနာခြင်းတို့ကို ဆောင်ရွက်ခွင့်ရှိသည်။


ပြည်သူများကလည်း မြေယာ ကိစ္စနှင့်ပတ်သက်ပြီး ယင်းအဖွဲ့ထံ တိုင်ကြားနိုင်မည်ဖြစ်သည်။

ကျော်သူစိုး