နိုင်ငံခြားအရက်များ တရားဝင် တင်သွင်းခွင့်ပြု

0
480

တည်ဆဲဥပဒေအရ ကန့်သတ်ထားသည့် နိုင်ငံခြားအရက်များကို ပြည်ပမှ တရားဝင်တင်သွင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မေလ ၂၅ ရက်နေ့ တွက် ထုတ်ပြန်ကြေညာလိုက်သည်။


အရည်အသွေးအာမခံနိုင်သော ကုန်ပစ္စည်းများ ရောင်းချနိုင်ရန်၊ တရားမဝင် တင်သွင်းမှုကို ထိန်းချုပ်နိုင်ရန်၊ ပြည်တွင်း ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်နှင့် နိုင်ငံတော်အတွက် အခွန်အခများအပြည့်အဝရရှိစေရန် ရည်ရွယ်ချက်ဖြင့် တင်သွင်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


နိုင်ငံခြား အရက်၊ ဘီယာ၊ စီးကရက်ကို တည်ဆဲဥပဒေအရ ကန့်သတ်ထားသည့် ပစ္စည်းများအနက် အရက်ကိုလိုင်စင်ဖြင့် တရားဝင်တင်သွင်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဦးစီးမှူးဦးဝင်းထွန်းက ပြောသည်။


ပြည်ပမှအရက်ကို ရန်ကုန်ဆိပ်ကမ်းနှင့် ရန်ကုန်လေဆိပ်တို့မှသာ တင်သွင်းခွင့်ပြုထားသည်။


“နယ်စပ်စခန်းတွေဖြစ်တဲ့ ထီးခီးတို့ မောတောင်တို့ စခန်းတွေကနေ တင်သွင်းခွင့်က ခုလောလောဆယ်တော့ မပါသေးဘူး၊ တဖြည်းဖြည်းချင်းတော့ တင်သွင်းခွင့်ပြုမယ်နဲ့ တူတယ်” ဟု ဦးဝင်းထွန်းက ဆိုသည်။


ယခင်က နိုင်ငံခြားအရက်ကို ဈေးကွက်အတွင်း တရားဝင်တင်သွင်းခွင့် မပြုထားသော်လည်း နိုင်ငံခြားသား ခရီးသွားဧည့်သည်များအတွက် အကောက်ခွန်လွတ်အရောင်းဆိုင် (Duty Free Shop) နှင့် ဟိုတယ်များအတွက် အရက်တင်သွင်းခြင်းကို လိုင်စင်ဖြင့် ခွင့်ပြုပေးထားသည်ဟု ဦးဝင်းထွန်းက ပြောသည်။


ဟိုတယ်တွင် နှစ်ယောက်ခန်းအတွက် တစ်ရက်လျှင် နိုင်ငံခြားအရက် ၁ လီတာ ဆောင်ထားနိုင်သည်ဟု ၎င်းက ပြောသည်။


နိုင်ငံခြားအရက် တရားဝင်တင်သွင်းခွင့်ပြုလိုက်သဖြင့် ဈေးကွက်လိုအပ်ချက် ဖြည့်ဆည်းနိုင်မည်ဖြစ်သည့်အပြင် နိုင်ငံတော်မှ အခွန်ငွေပိုမိုရရှိလာမည်ဖြစ်ကြောင်း ဦးဝင်းထွန်းက ပြောသည်။


နိုင်ငံခြားအရက်တင်သွင်းလိုသည့် ကုမ္ပဏီမှ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် အရက်တင်သွင်းခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ အမိန့်ကြေညာစာပါ (၃၉/၂၀၂၀) ပါ သတ်မှတ်ချက်များနှင့်အညီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် လျှောက်ထားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။


၂၀၁၉ ခုနှစ် မတ်လ ၃၀ ရက်က ထားဝယ်တွင် နှစ်ရက်အတွင်း ကျပ်သိန်းတစ်ထောင်ကျော်တန်ဖိုးရှိ တရားမဝင် နိုင်ငံခြားအရက်နှင့် ဘီယာများ ဖမ်းမိခဲ့ဖူးသည်။

မိုးမြင့်