ထားဝယ်အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်တန့်

0
704

အသင့်အတင့် အရောင်းဝယ်ရှိနေသေးသော ထားဝယ်အိမ်ခြံမြေဈေးကွက်မှာ ကိုဗစ်ရောဂါဂယက်စတင် ရိုက်ခတ်ပြီးနောက် လုံးဝနီးပါးအရောင်းအဝယ် မရှိတော့ကြောင်း အိမ်၊ခြံ၊ မြေ၊ အရောင်း၊ အဝယ် ဝန်ဆောင်မူပေးနေသူ အချို့ထံမှ သိရသည်။


လက်ရှိတွင် အိမ်၊ ခြံ၊ မြေ ရောင်းလိုသူများရှိနေသော်လည်း ဝယ်သူမရှိကြောင်း တနင်္သာရီတိုင်း အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မူ အသင်းဝင်တစ်ဦးက ပြောသည်။


“ရောင်းသမားတွေကတော့ ရှိတယ်။ နယ်ဆိုရင်လည်း နယ်အလိုက်၊ မြို့ဆိုရင်လည်း မြို့အလိုက်ပေါ့။ ဒါပေမယ့် ဒီအချိန်မှာ ဘယ်သူက ဝယ်ကြမှာလည်း။ ဝယ်မယ့်သူတွေကတော့ မေးတာပဲရှိတယ်။ ငွေပို၊ ငွေလျှံများတဲ့သူမှပဲ ဈေးချောင်တာဝယ်မယ် ဆိုတာလောက်ပဲ ရှိတယ်။ အဲတာကလည်း အရမ်းနည်းပါတယ်” ဟု ၎င်းက ပြောသည်။


ကိုဗစ်ရောဂါ ဂယက်ရိုက်ခတ်ပြီးသည့်ကာလအတွင်း အိမ်ခြံမြေအရောင်းအဝယ် တစ်ကြိမ်မျှမဖြစ်သေးကြောင်း အခြားအသင်းဝင်တစ်ဦးကလည်း ပြောသည်။


“ကျွန်တော်မှာတော့ အရောင်းအဝယ်မဖြစ်ဘူး။ သူများတွေမှာတော့ မသိဘူးပေါ့လေ” ဟု ၎င်းက ပြောသည်။


ကိုဗစ်ကပ်ရောဂါသည် မည်သည့်အချိန်တွင် ပြီးဆုံးမည်ကို မခန့်မှန်းနိုင်သဖြင့် မည်သူမျှ အိမ်၊ ခြံ၊ မြေဘက် ဦးလှည့်သူ မရှိခြင်းဖြစ်ကြောင်း ယင်းဝန်ဆောင်မူ ပေးနေသူအချို့က သုံးသပ်သည်။


ငွေလိုသူတို့ကမူ ရရာဈေးဖြင့် ရောင်းချနေသည်လည်းရှိကြောင်း ၎င်းတို့ထံမှ သိရသည်။


လောင်းလုံးမြို့နယ် သာယာကုန်းကျေးရွာရှိ ပေ ၄၀_၇၀ မြေနေရာတစ်ကွက်ကို သိန်း ၇၀ ကျပ်ဖြင့် ကိုရိုနာစဖြစ်ကာစကတည်းက ရောင်းချနေပြီး လက်ရှိအချိန်အထိ ရောင်းမထွက်သေးကြောင်း ယင်းမြေကွက်ပိုင်ရှင်အမျိုးသမီးက ပြောသည်။


“ကိုယ်လဲ ငွေလိုတယ်ဆိုတော့ ပြန်ရောင်းဖို့လုပ်ရတာပါ။ စီးပွားရေးက ကျပ်တည်းတယ်ဆိုတော့ ဝယ်ထားတဲ့ မြေလဲ လတ်တလောက ကိုယ့်မှာ စားဖို့သောက်ဖို့လိုနေတော့ ပြန်ရောင်းရတာပေါ့လေ” ဟု ၎င်းအမျိုးသမီးက ပြောသည်။


ကျော်သူစိုး