စားသောက်ဆိုင်များ ပြန်ဖွင့်ရန် အခက်အခဲရှိနေ

0
602

အစိုးရ၏ ဖြေလျော့မှုများထဲတွင် စားသောက်ဆိုင်များ ပြန်လည်ဖွင့်ခွင့်ပြုရေးအချက်တစ်ခုအနေဖြင့် ပါဝင်နေသော်လည်း လက်တွေ့တွင်မူ ယင်းဆိုင်များဖွင့်ခွင့်ရရန် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ထားဝယ်မြို့ရှိ စားသောက်ဆိုင်ပိုင်ရှင်အချို့က ပြောသည်။


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်အတိုင်း ဖွင့်ရမည်ဆိုခြင်းကြောင့် ခက်ခဲနေခြင်း ဖြစ်သည်။


ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က စီမံခန့်ခွင့်ရှိသည့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ မုန့်လက်သုပ်ဆိုင်များ ပြန်ဖွင့်လိုပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလမ်းညွှန်ချက်များကို လုပ်ဆောင်နိုင်ပါက ခွင့်ပြုပေးမည်ဖြစ်ကြောင်း စည်ပင် က ထုတ်ပြန်ထားသည်။


ကိုယ်အပူချိန်တိုင်းစက်တစ်ခု ဝယ်ယူရခြင်း၊ လက်ဆေးဘေစင်ထားရှိပေးခြင်း၊ စားပွဲတွင် ကတ်ထူပြား(သို့) မှန်ဖြင့်ကာထားခြင်းစသည့် အချက်နှစ်ဆယ်ကျော်ကို လိုက်နာနိုင်မှသာလျှင် စာသောက်ဆိုင်များ ပြန်ဖွင့်ခွင့်ရမည် ဖြစ်သည်။


စားသောက်ဆိုင်ပိုင်ရှင်အချို့ကမူ ယင်းအချက်များအားလုံးကို အတိအကျလိုက်နာမည်ဆိုပါက ငွေကြေးသိန်းချီကုန်ကျမည်ဖြစ်ကြောင်း ပြောဆိုကြသည်။


“အဲဒါတွေက ကုန်ကျစရိတ်က များပြီးတော့ ရောင်းအားက မရှိဘဲဖြစ် နေတာပေါ့။ ဒီလိုမျိုးတပ်ပြီး တစ်သက်လုံး ရောင်းသွားရမယ်ဆိုရင်တော့ တစ်မျိုးပေါ့လေ။ အခုက နောက်ဆို တစ်မျိုး၊ နောက်လဆိုရင် တစ်မျိုးဖြစ်နေတာ” ဟု ထားဝယ်မြို့ ရှုနီထမင်းဆိုင် ပိုင်ရှင် ဦးထွန်းကြည်က ပြောသည်။


ယင်းပစ္စည်းများကို ငွေကုန်ခံတပ်ဆင်ပြီးပါကလည် တာရှည်အသုံးပြုမရခြင်း၊ လက်ရှိတွင် အရောင်း၊ အဝယ် ပါးနေခြင်းတို့ကြောင့် စားသောက်ပိုင်ရှင်အချို့မှာ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ခြင်းမရှိသေးဘဲ စောင့်ကြည့်နေကြသည်။


ဆိုင်ပေါင်း ၁၇၆ ဆိုင်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနညွှန်ကြားချက်ကို ဝေငှထားပြီး ယင်းတို့အထဲမှ ဇွန်လ ၃ ရက်အထိ ဆိုင်လေးဆယ်ကျော်ကသာပြန်ဖွင့်ရန် လာရောက်လျှောက်ထားကြကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးယုဝေက ပြောသည်။


ယင်းလျှောက်ထားသည့် ဆိုင်လေးဆယ်ကျော်ကိုလည်း ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချရန် ခွင့်ပြုချက်မပေးသေးကြောင်း ဦးယုဝေက ဇွန်လ ၃ ရက်က ပြောသည်။


သို့သော် ထားဝယ်မြို့တွင်းနှင့် အဝေးပြေးကားဂိတ်ရှိဆိုင်အချို့မှာ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချနေကြသည်ကို တွေ့ရှိခဲ့ရသည်။


ကိုဗစ်လူနာအများဆုံးဖြစ်သည့် ရန်ကုန်တိုင်းတွင် ဆိုင်ထိုင်စနစ်ဖြင့်ရောင်းချနိုင်နေပြီး ကိုဗစ်လူနာ တစ်ဦးသာရှိခဲ့သည့် ထားဝယ်မြို့တွင် ဆိုင်ထိုင်စနစ်ရောင်းချရန် ခက်ခဲနေသည့်ကိစ္စကိုလည်း စားသောက်ဆိုင်ပိုင်ရှင်များက တိုင်းအစိုးရကိုမေးခွန်းထုတ်လျက် ရှိသည်။

ကျော်သူစိုး