မင်းရပ်ကျေးရွာတွင် မီးလင်းရေးရန်ပုံငွေ ဖြတ်တောက်ခံရသည့်ကိစ္စ ကုမ္ပဏီက ပြန်ရှင်းပြမည်ဟုဆို

0
577

လောင်းလုံးမြို့နယ် မင်းရပ်ကျေးရွာတွင် ကျေးရွာရန်ပုံငွေအဖြစ် လစဉ်ရရှိနေသောငွေကိစ္စကို မည်သည့်အတွက်ကြောင့် ဖြတ်တောက်ရသည်ကို ကုမ္ပဏီက ရှင်းပြမည်ဖြစ်ကြောင်း သိရသည်။


မင်းရပ်ကျေးရွာသို့ လျှပ်စစ်မီးစရောက်ကတည်းက ကျေးရွာမီးလင်းရေးအတွက် ဓာတ်မီးတိုင်နှင့် မီးကြိုးများတပ်ဆင်ခြင်းကို ကျပ်သိန်းသုံးရာကျော်ကုန်ကျခံပြီး ကိုယ်ထူကိုယ်ထ လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း မင်းရပ်ကျေးရွာ မီးလင်းရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမောင်သိန်းက ပြောသည်။


ယင်းအတွက်ကြောင့် GGS ကုမ္ပဏီလက်ထက်က ကျေးရွာရန်ပုံငွေလစဉ် (ကျေးရွာလျှပ်စစ်ဝန်ထမ်း လစာအပါအဝင်) ကျပ်ဆယ်သိန်းနီးပါး (၉၄၀ဝဝဝ ကျပ်) လစဉ်ရရှိခဲ့ကြောင်း ၎င်းက ပြောသည်။


Petro & Tran ကုမ္ပဏီလက်ထက်အရောက် ပထမတစ်လကို ယင်းပမာဏအတိုင်းရရှိခဲ့ရပြီး ဒုတိယလအရောက်တွင် ကျပ်ငါးသောင်း၊ တတိယလဖြစ်သည့် မေလအရောက်တွင်မူ ကျပ်သုံးသိန်းငါးသောင်းကို ထပ်မံဖြတ်တောက်ခဲ့သဖြင့် မေလတွင် ကျပ်ငါးသိန်းကျော်သာ (ကျပ် ၅၄၀ဝဝဝ) ကြောင်း ၎င်းက ပြောသည်။


ယင်းကဲ့သို့ အဆင့်ဆင့် ဖြတ်တောက်ခံနေရသဖြင့် ကျေးရွာရန်ပုံငွေနစ်နာသည်ဟု ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူတို့နှင့် မီးလင်းရေးအဖွဲ့ဝင်တို့က ပြောဆိုကြသည်။


“အဲဒီ ငါးသိန်းလေးသောင်းကိုလည်း မယူတော့ဘူး။ ဒီလိုအဖြတ်ခံရတာကို မကျေနပ်လို့။ (ကျေးရွာက မီးတိုင်၊ မီးကြိုးတွေကို) သူတို့ လာလုပ်ပေးထားတာ မဟုတ်ဘူးလေ” ဟု ဦးမောင်သိန်းက ပြောသည်။


Petro & Tran ကုမ္ပဏီတာဝန်ရှိ သူကမူ ကျေးရွာရန်ပုံငွေပေးခြင်းသည် GGS ကုမ္ပဏီ၏ မူသာဖြစ်ကြောင်း ပြောဆိုသည်။


ကုမ္ပဏီအပြောင်းအလဲကာလတွင် လောင်းလုံးမြို့နယ်ရှိ ကျေးရွာများအား Petro & Tran ကုမ္ပဏီက ဆောင်ရွက်မည့်ကိစ္စအား လောင်းလုံးမြို့နယ်ရှိ ကျေးရွာများအား မရှင်းပြနိုင်သေးခင် GGS ကုမ္ပဏီမူအတိုင်း ကျေးရွာရန်ပုံငွေ ပေးဆောင်နေခြင်းဖြစ်ကြောင်း ယင်းကုမ္ပဏီအထွေထွေမန်နေဂျာ ဦးတင်ထွန်းဦးက ပြောသည်။


“ကျွန်တော်တို့ ကုမ္ပဏီကတော့ ကျေးရွာမီးလင်းရေးတွေကို ရန်ပုံငွေသဘော လစဉ် ဘယ်လောက် ထည့်ဝင်တယ်ဆိုတဲ့ ပေါ်လစီလဲ မရှိပါဘူး။ ဒါက GGS တုန်းက ပေးခဲ့တဲ့ငွေကြေးပမာဏ” ဟု ဦးတင်ထွန်းဦးက ပြောသည်။


Petro & Tran ကုမ္ပဏီလက်ထက်တွင်မူ ကုမ္ပဏီ၏ မူဝါဒအတိုင်း ကျေးရွာမီးလင်းရေးအဖွဲ့ပုံစံဖြင့် ဆောင်ရွက်မည်မဟုတ်ဘဲ ဝန်ထမ်းပုံစံဖြင့်သာ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။


ယင်းအပြင် ငွေကြေးဖြတ်တောက်ရသည့်အကြောင်းနှင့် ပတ်သတ်ပြီး အခြားရှင်းပြစရာရှိသည်များကို ကုမ္ပဏီရုံးချုပ် လူ့စွမ်းအားအရင်းအမြစ် (HR) ဌာနက ကိုရိုနာအလွန်တွင် လာ ရောက်ရှင်းပြမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။


“ကိုဗစ်ပြီးလို့ရှိရင်တော့ သက်ဆိုင်ရာ HR ဌာနကနေ လူလွှတ်ပြီးတော့ ဆက်ပြီးတာဝန်ယူပြီး ဆက်လုပ်သွားပါလိမ့်မယ်။ အခုက ကိုဗစ်ဖြစ်နေလို့ လာလို့မရသေးလို့ပါ” ဟု ဦးတင်ထွန်းဦးက ဆိုသည်။


မင်းရပ်ကျေးရွာ တာဝန်ရှိသူများကမူ ကုမ္ပဏီဘက်က လုပ်ဆောင်ချက်ကို စောင့်ကြည့်နေပြီး အကြောင်းမထူးပါက တိုင်းအစိုးရအဖွဲ့ထံ အကူအညီတောင်းခံမည်ဖြစ်ကြောင်း ပြောဆိုကြသည်။