မောင်းမကန်နယ်မြေတွင် မီး ၁၁ ရက် ပြတ်တောက်မည်

0
524

မောင်းမကန်နယ်မြေဖြစ်သည့် မောင်းမကန်၊ ကျောက်ဆင်နှင့် ပန်းတင်အင်း ကျေးရွာအုပ်စုတို့တွင် ယခုလအတွင်း လျှပ်စစ်ဓာတ်အား ၁၁ ရက် ပြတ်တောက်မည်ဟု လျှပ်စစ်ဌာနနှင့် လျှပ်စစ်မီးဖြန့်ဝေနေသည့် ကုမ္ပဏီတို့က ထုတ်ပြန်သည်။


မီးပြတ်တောက်မည့်ရက်များမှာ ဇွန် ၅၊ ၇၊၁၀၊၁၂၊၁၄၊၁၇၊၁၉၊၂၁၊၂၄၊၂၆၊၂၈ ရက်နေ့တို့ဖြစ်ပြီး နံနက် ၉နာရီ မှညနေ ၃နာရီအထိ ပြတ်တောက်မည်ဟု ထုတ်ပြန်ကြေညာသည်။


မောင်းမကန်နယ်မြေအတွင်းရှိ ၁၁ ကေဗွီလိုင်းကာဗာမပါသည့်ကြိုးများကို ကာဗာပါသည့် SAC 95 mm အဆင့်မြင့် ကြိုးများဖြင့် လဲလှယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယင်းသို့ လျှပ်စစ်မီးဖြတ်တောက်ခြင်းဖြစ်ကြောင်း မောင်းမကန်မြို့လျှပ်စစ်မှူးက ပြောသည်။


“ကုမ္ပဏီကလည်း Facebook မှာ ကြေညာထားတာတွေရှိတယ်။ အတော်များများတော့ သိနေပြီ။ မီးပျက်မယ်ဆိုတာ” ဟု မောင်းမကန်မြို့လျှပ်စစ်မှူးက ပြောသည်။


မောင်းမကန်ဒေသအတွင်း ကျေးရွာအချို့တွင်မူ ယင်းသို့ မီးပျက်မည့်အကြောင်း လျှပ်စစ်မီးလင်းရေးတာဝန်ရှိသူများက ကျေးရွာအတွင်း လိုက်လံကြေညာခြင်းမျိုး ဇွန်လ၅ရက်နေအထိ မရှိသေးပေ။