ထီးခီးလမ်း မြေယာလျော်ကြေး သတ်မှတ်ပြီးက ပြည်သူနှင့်ညှိနှိုင်းမည်ဟုဆို

0
488

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံကို ဆက်သွယ်ထားသည့် ထီးခီးလမ်းအတွက် မြေယာလျော်ကြေး သတ်မှတ်ပြီးပါက သိမ်းဆည်းခံပြည်သူများနှင့် ညှိနှိုင်းမည်ဖြစ်ကြောင်း လျော်ကြေးငွေပေးချေရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီထံမှ သိရသည်။


အဆိုပါလမ်းတွင် ရေဖြူမြို့နယ်အပိုင်းနှင့် ထားဝယ်မြို့နယ်အပိုင်းဟူ၍ လမ်းပိုင်းနှစ်ခုသတ်မှတ်ထားပြီး လက်ရှိရေဖြူလမ်းပိုင်းတွင် တိုင်းတာမှုလုပ်ငန်းများ ပြီးစီးသွားပြီဖြစ်ကြောင်း အထက်ပါကော်မတီထံမှ သိရသည်။


ရေဖြူလမ်းပိုင်းကို အထူးစီးပွားရေးဇုန်အပြင်ဘက်မှ ရေဖြူမြို့နယ်အဆုံးအထိ သတ်မှတ် ထားပြီး ၃၄ ကီလိုမီတာ အရှည်ရှိကြောင်း ယင်းကော်မတီထံမှ သိရသည်။ ကျန်ရှိသောလမ်းပိုင်းကို ထားဝယ်မြို့နယ်လမ်းပိုင်းဟု သတ်မှတ်ထားသည်။


ထို့အပြင် မေတ္တာမြို့မှ ထီးခီးအထိလမ်းပိုင်းကိုလည်း အသေးစိတ်တိုင်းတာနေပြီး မကြာမီပြီးစီးမည်ဖြစ်ကြောင်း အထက်ပါကော်မတီ၏ တွဲဖက်အတွင်းရေးမှူး ၂ ဖြစ်သူ လမ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသက်ဇော်ဝင်းက ဆိုသည်။

အဆိုပါကော်မတီတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည်။


အဆိုပါကော်မတီ၏ ပထမဆုံးအကြိမ် အစည်းအဝေးကို မေလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ပြီး လျော်ကြေးငွေပေးချေရေး စံနှုန်းသတ်မှတ်ချက်များကို ညှိနှိုင်းခဲ့ကြောင်း ဦးသက်ဇော်ဝင်းက ဆိုသည်။


“သတ်မှတ်နှုန်းထားတွေအပေါ်မှာ သက်ဆိုင်ရာဌာတွေက တင်ပြတဲ့အပေါ် မှာ နောက်တစ်ခါအစည်းအဝေးထိုင်ပြီးလို့ အတည်ပြုပြီးရင်တော့ ပြည်သူနဲ့ ပြန်ညှိသွားရမှာပေါ့နော်” ဟု ဦးသက်ဇော်ဝင်းက ပြောသည်။


ထီးခီးလမ်းကို နှစ်လမ်းသွား ကားလမ်းအဖြစ် အဆင့်မြှင့်မည့်လုပ်ငန်းအတွက် ထိုင်းနိုင်ငံ (NEDA) ထံမှ ချေးငွေယူရန် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၁၈ ခုနှစ်က ဆုံးဖြတ်ထားသည်။


လက်ရှိတွင် လမ်းအတွက်ချေးငွေကို ညှိနှိုင်းနေဆဲဖြစ်ပြီး ချေးငွေရရှိပါက အဆင်သင့်ဖြစ်နေစေရန် လျော်ကြေးကိစ္စလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဦးသက်ဇော်ဝင်းက ဆိုသည်။


ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ပါဝင်သော စီမံကိန်း အကောင်အထည်ဖော်ရေး မြန်မာအစိုးရ နှင့် ထိုင်းကုမ္ပဏီ DITD တို့ ၂၀ဝ၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးနေခဲ့သည်။