တနင်္သာရီတိုင်း တရားသူကြီးချုပ် အသစ်ခန့်

0
294

တနင်္သာရီတိုင်းဒေသကြီး တရားသူကြီးချုပ်အဖြစ် ဒေါ်ပိုက်ပိုက်အေးကို မေလ ၁၈ ရက်နေ့တွင် ခန့်အပ်လိုက်သည်။


ဒေါ်ပိုက်ပိုက်အေးသည် တရားသူကြီးချုပ်အဖြစ် မခန့်အပ်ခံရမီက တိုင်းတရား လွှတ်တော် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ယခင် တရားသူကြီးချုပ် ဦးတင်အောင်က မေလ ၁၅ ရက်နေ့တွင် အငြိမ်းစားယူသွားသည်။


တရားသူကြီးချုပ်အသစ်သည် ၁၉၇၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိခဲ့ပြီးနောက် ၁၉၈၄ ခုနှစ်တွင် တရားရုံးဝန်ထမ်းအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ကြောင်း တိုင်းတရားလွှတ်တော်ရုံးထံမှ သိရသည်။


ထိုနောက် တနင်္သာရီတိုင်းတရားလွှတ်တော်ရုံး တရားရေးဦးစီးမှူးအဖြစ် ၂၀၁၆ တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် တိုင်းတရားလွှတ်တော် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း အထက်ပါရုံးထံမှ သိရသည်။


လစ်လပ်သွားသည့် တိုင်းတရားလွှတ်တော် တရားသူကြီးနေရာတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ချိုမာမြင့် ကို မေလ ၂၁ ရက်နေ့တွင် ခန့်အပ်ခဲ့ကြောင်း ယင်းတရားလွှတ်တော်ရုံးထံမှ သိရသည်။


လက်ရှိတွင် တိုင်းတရားလွှတ်တော်တွင် တရားသူကြီးအဖြစ် ဒေါက်တာလဲ့လဲ့မော် အမှုကို အမိန့်ချခဲ့သည့် ဦးခင်မောင်မောင်နှင့် ဒေါ်ချိုမာမြင့်တို့က တာဝန်ထမ်းဆောင်လျက်ရှိသည်။


တရားစီရင်ရာတွင် ၎င်းတို့သက်တမ်းအတွင်း လာဘ်မစားဘဲ သန့်ရှင်းစွာတာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး၊ တရားသူကြီးဦးခင်မောင်မောင်နှင့် ဒေါ်ချိုမာမြင့်တို့က မေလ ၂၈ ရက်နေ့တွင် အချင်းချင်းကတိကဝတ်ပြုခဲ့ ကြောင်း တိုင်းတရားလွှတ်တော်ရုံးက ထုတ်ပြန်ထားသည်။