ကမ်းဝေးငါးဖမ်းလှေ မေးခွန်းကို ငါးပါးသီလခံပြီးမှဖြေရန် လွှတ်တော် အမတ်ပြော

0
583

ကမ်းဝေး ဝါတန်းငါးဖမ်းလှေကြီးများသည် လိုင်စင်မရှိသော အကူမီးထွန်းလှေများဖြင့် ငါးဖမ်းဆီးနေသည်ကို ငါးလုပ်ငန်းငန်းဦးစီးဌာနမှ သိရှိခြင်းရှိ/မရှိ မေးခွန်းကိုဖြေမည်ဆိုပါက အရင်ဆုံးငါးပါးသီလခံပြီးမှဖြေဆိုရန် တိုင်းလွှတ်တော်ကိုယ်စားလှယ်က ပြောဆို လိုက်သည်။


မေလ ၂၀ ရက်ကပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ကျွန်းစုမြို့နယ်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။


ကမ်းဝေးလှေကိစ္စနှင့် ပတ်သက်ပြီး ဝါတန်းကမ်းဝေးလှေများအား အကူမီးထွန်းလှေများဖြင့် ငါးဖမ်းဆီးခွင့်ကို တရားဝင်ခွင့်ပြုထားခြင်းရှိ/မရှိ၊ မရှိပါက တည်ဆဲဥပဒေများဖြင့် အရေးယူရန် ရှိ/မရှိ၊ ယင်းသို့ငါးဖမ်းနေသည်ကို ငါးလုပ်ငန်းဌာနက သိရှိခြင်းရှိ/မရှိ စသည်ဖြင့် မေးခွန်းခြောက်ခုကို ဒေါက်တာထူးနေအောင်က မေးမြန်းခဲ့သည်။


ယင်းမေးခွန်းခြောက်ခုအနက် တတိယမေးခွန်းဖြစ်သော ဝါတန်းကမ်းဝေးလှေကြီးများ အကူမီးထွန်းလှေများဖြင့် ငါးဖမ်းဆီးနေခြင်းကို ငါးလုပ်ငန်းဦးစီးဌာနက သိရှိခြင်း ရှိ/မရှိ ဆိုသည့် မေးခွန်းကို ငါးပါးသီလခံပြီးမှ ဖြေဆိုရန်ပြောဆိုခဲ့ခြင်းဖြစ်သည်။


“ဒီမေးခွန်းကိုတော့ ငါးပါးသီလ ခံယူပြီးမှ ဖြေကြားပေးဖို့ ကျွန်တော့်အနေနဲ့ အကြံပြုအပ်ပါတယ်” ဟု ဒေါက်တာထူးနေအောင်က ဆိုသည်။


ပင်လယ်ပြင်စစ်ဆေးရေးလုပ်ငန်းများကို တပ်မတော်(ရေ) ကသာ ဆောင်ရွက်နေခြင်းဖြစ်သောကြောင့် ယင်းကိစ္စကို ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မသိနိုင်ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ဖြေဆိုခဲ့သည်။


ဒေါက်တာထူးနေအောင်ကမူ ယင်းကိစ္စကို ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မသိဟုဆိုခြင်းမှာ မဖြစ်နိုင်ကြောင်း၊ ပြည်သူအားလုံးသိနေပြီးဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။


“ဝါတန်းကမ်းဝေးငါးဖမ်းလှေများ ပင်လယ်ပြင်တွင် အကူမီးထွန်းလှေများဖြင့် ဖမ်းဆီးပြုလုပ်နေတာကို ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူများ၊ ဝန်ထမ်းများ မသိရှိနိုင်ပါဆိုရာမှာ ကျွန်တော်အနေနဲ့ မေးခွန်းမေးစဉ်ကတည်းက ပါပါတယ် ငါးပါးသီလခံပြီးမှ ဖြေပါလို့” ဟု ဒေါက်တာထူးနေအောင်က ပြောဆိုသည်။


ယင်းအပြင် ဝါတန်းကမ်းဝေးငါးဖမ်းလှေများသည် အနည်းဆုံး အကူမီးထွန်လှေနှစ်စီးကို အသုံးပြုကာ ငါးဖမ်းနေကြသောကြောင့် မီးကြိုက်သောရေအောက်ငါးများပါ ဖမ်းမိနေကြသဖြင့် ရေသယံဇာတပြုန်းတီးမည့်အခြေအနေကို မလွှဲမသွေရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း ထောက်ပြဆွေးနွေးခဲ့သည်။


ဝန်ကြီးဦးမြင့်စန်းကမူ ကမ်းဝေးဝါတန်းလှေများအား အကူမီးထွန်းလှေများဖြင့် ဖမ်းဆီးခြင်းမှာ တရားမဝင်ကြောင်း၊ ဥပဒေနှင့်မညီသော ငါးဖမ်းဆီးခြင်းများကို တပ်မတော်(ရေ)နှင့် ပူးပေါင်းဖမ်းဆီးနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုသည်။


တိုင်းအတွင်း ဝါတန်းကမ်းဝေးလှေ ၂၇၂ စီးရှိသဖြင့် တစ်စီးလျှင် အကူမီးထွန်းလှေ နှစ်စီးဖြင့်တွက်ပါက တရားမဝင်သော အကူမီးထွန်းလှေပေါင်း ၅၅၄ စီးခန့်ရှိနိုင်ကြောင်း ဒေါက်တာထူးနေအောင်က ပြောသည်။


“ဝါတန်းအကူမီးထွန်းလှေက ထုတ်လွှတ်တဲ့ ကီလိုပေါင်းမြောက်မြားစွာကို ပေါင်းလိုက်မယ်ဆိုပါက တနင်္သာရီတိုင်းဒေသကြီးမှာ မဟာဓာတ်အားလိုင်း မရောက်သေးသည့်တိုင်အောင် တစ်တိုင်းလုံးကို မီးပေးလို့ရနိုင်တဲ့ အခြေအနေအထိ ရှိနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

ကျော်သူစိုး