အခြေခံလူတန်းစား စာရင်းကိစ္စ တိုင်းအစိုးရနှင့် ရပ်/ကျေး အချိတ်အဆက်လွဲ

0
347

ကိုဗစ်ကာလ ငွေကြေးခံစားခွင့် အတွက် အခြေခံလူတန်းစား စာရင်းကို ကောက်ခံရာတွင် တိုင်းအစိုးရ ပြောကြား ချက်နှင့် ရပ်/ကျေးအချို့တွင် ကောက်ခံ နေသော ပုံစံမှာ အချိတ်အဆက် လွဲချော် နေပြီး စာရင်းကောက်ယူရာတွင်လည်း အငြင်းပွားမှုများ ဖြစ်နေသည်။

တိုင်းအစိုးရအနေဖြင့် အခြေခံ လူတန်းစားစာရင်းကို ကောက်ခံရန် ညွှန်ကြားထားခြင်း မရှိသေးဘဲ ယခင် အခြေခံစားသောက်ကုန် ပေးစဉ်က ကျန်ခဲ့သူများရှိသဖြင့် ပြန်သုံးသပ်ရန် စာရင်းကောက်ခံခိုင်းထားခြင်းမျှသာဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ ပြောရေးဆို ခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။

“ဒီကိစ္စတွေ(အခြေခံလူတန်းစား စာရင်းကောက်သည့်ကိစ္စ)ကို အစိုးရ အဖွဲ့က လမ်းညွှန်ထားခြင်း မရှိသေးဘူး။ သို့သော်လည်းပဲ ပထမတုန်းက အခြေခံ လူတန်းစားတွေ ကျန်ခဲ့တယ်ဆိုတဲ့ ပြောကြားချက်တွေလည်း ရှိတယ်လေ။ အဲဒီဟာတွေကို ပြန်လည်ပြီး သုံးသပ် နိုင်ဖို့အတွက်တော့ စာရင်းပြုစုနေတာတော့ ရှိပါတယ်”ဟု ဝန်ကြီးဦးကျော်မင်းက ပြောသည်။

သို့သော် လောင်းလုံးနှင့် ထားဝယ် မြို့နယ်ရှိ ကျေးရွာအချို့တွင်မူ အခြေခံ လူတန်းစား စာရင်းကောက်ခံသည်ဟု ဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးအချို့က မေလ ၂၆ ရက်ကတည်းက လိုက်လံ ကောက်ခံနေပြီ ဖြစ်သည်။

ယင်းသို့ကောက်ခံရာတွင် အတူနေ မိသားစုဦးရေ၊ အလုပ်အကိုင်၊ မှတ်ပုံတင် နံပါတ် စသည့် အချက်ကိုးချက်ပါ ပုံစံစာရွက်ဖြင့် ကောက်ခံနေခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ်ရှိ ကျေးရွာအုပ်ချုပ် ရေးမှူးတစ်ဦးက ပြောသည်။

ယင်းသို့ ကောက်ခံရန်အတွက် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှ ညွန်ကြားသည်ဟု ၎င်းတို့က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူးထံ ဆက်သွယ်မေးမြန်းရာ အခြေခံ လူတန်းစားစာရင်းကောက်ခိုင်းထားသည်မှာ မှန်ကန်ပြီး ယင်းသို့ ကောက်ခံရန် ခရိုင်က ညွန်ကြားထားကြောင်း ပြောသည်။

လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာ တစ်ရွာတွင် အခြေခံလူတန်းစား စာရင်း သွားပေးရာတွင် လူပြည့်သွားပြီဟုပြော ကာ ပြန်လွှတ်သည့် ဖြစ်စဉ်များ ဖြစ်နေကြောင်း သိရသည်။

အချို့ကျေးရွာများတွင်မူ အိမ် ထောင်စုအချို့တွင် အိမ်ထောင်စုတစ်ခု မှတ်ပုံတင်နံပါတ် နှစ်ခုတောင်းယူပြီး အချို့အိမ်ထောင်စုများတွင်မူ မှတ်ပုံတင် နံပါတ်တစ်ခုသာ တောင်းယူသည့် ဖြစ် စဉ်များလည်း ဖြစ်ပေါ်လျက် ရှိသည်။

ဝန်ကြီးဦးကျော်မင်းကမူ အခြေခံ လူတန်းစား သတ်မှတ်ချက်ကို သမ္မတ ရုံးက ညွန်ကြားလာမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး မေလ ၂၇ ရက်အထိ တိုင်းအစိုးရအဖွဲ့ထံ ယင်းညွှန်ကြားချက် ရောက်မလာသေးကြောင်းလည်း ပြောဆို သည်။

“(အခြေခံလူတန်းစားသတ်မှတ်တာ နဲ့ပတ်သတ်ပြီး) စနစ်တစ်ခုကို ပြောင်းလဲပြီး လုပ်သွားဖို့ ရှိတယ်။ သမ္မတရုံးရဲ့ ထောက်ပံ့မယ့် အစီအစဉ် လာပါလိမ့် မယ်။ သူတို့ရဲ့လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်မယ့် အနေအထားမျိုးတော့ ရှိတယ်ပေါ့နော်”ဟု ဝန်ကြီး ဦးကျော်မင်းက ပြောသည်။

ရပ်ကျေးအချို့တွင် ငွေကြေး ထောက်ပံ့မှု ရရှိသင့်သည့် အခြေခံ လူတန်းစား သတ်မှတ်ချက်နှင့်ပတ်သက်ပြီး ရွာသားများ အချင်းချင်းအကြား၊ ရွာသား နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့အကြား အငြင်းပွားကာ အချေအတင် ဖြစ်နေ ကြသည်။

ထောက်ပံ့မည့်ငွေကြေးပမာဏမှာ တစ်ဦးလျှင် ကျပ်နှစ်သောင်းဟု ဝန်ကြီးဦးကျော်မင်းက ကနဦး ပြောဆိုထားသော်လည်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကမူ တစ်ဦးလျှင် ကျပ်သုံးသောင်း မှ လေးသောင်းကြား ထောက်ပံ့မည်ဟု ရန်ကုန်အခြေစိုက် မီဒီယာများသို့ ပြော ကြားထားသည်။

ယခင်အခြေခံစားသောက်ကုန် ဖြန့်ဝေပေးစဉ်က ကောက်ခံထားသော အခြေခံလူတန်းစား အိမ်ထောင်စု အရေ အတွက်မှာ ထားဝယ်ခရိုင်တွင် ငါးသောင်း နီးပါး(၄၇၅၂၈)၊ မြိတ်ခရိုင်တွင် ခြောက် သောင်းကျော်(၆၅၂၄၅)၊ ကော့သောင်း ခရိုင်တွင် နှစ်သောင်းနီးပါး (၁၇၅၀၁) ရှိသည်။

ကျော်သူစိုး