မိုးဦး မိုးလယ်ကာလ မိုးနည်းနိုင်

0
428

ယခုနှစ် မိုးဦး မိုးလယ်ကာလတွင် မိုးနည်းနိုင်ပြီး မိုးနှောင်းကာလတွင် မိုးကောင်းနိုင်သည်ဟု တနင်္သာရီတိုင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ယခုနှစ်တွင် ပြီးခဲ့သည့်နှစ်ကထက် မိုးရွာရက် နည်းခြင်း၊ မိုးရေချိန်လက်မ လျော့နည်းခြင်းနှင့် အတူ မုတ်သုန်အား ပျော့ခြင်းတို့ကြောင့် မိုးဦးနှင့် မိုးလယ် ကာလများတွင် မိုးနည်းနိုင်ပြီး မိုးနှောင်း ကာလတွင် မိုးကောင်းနိုင်ကြောင်း တနင်္သာရီတိုင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

လက်ရှိတွင် အီကွေတာ၏ တောင် ဘက်ပိုင်းတွင် မုန်တိုင်းတစ်လုံးဖြစ်ပေါ် နေသဖြင့် အီကွေတာကို ဖြတ်ကျော်သည့် လေမှာ မုန်တိုင်းဘက်သို့ စုပ်ယူနေ သဖြင့် မုတ်သုတ်အားပျော့နေသဖြင့် မိုးကောင်းကောင်းမရွာနိုင်ဘဲဖြစ်နေကြောင်း အထက်ပါဌာနမှ တိုင်းဦးစီးမှူး ဦးကျော်မိုးခိုင်က ပြောသည်။

“ဒီနှစ်က မိုးနည်းနည်းညံ့တဲ့အတွက် အဓိက မြစ်တွေမှာ ရေကြီးမှုအန္တရာယ် အရင်နှစ်ကလောက် မဖြစ်ပွားနိုင်ဘူး၊ မိုးပြတ်တာက စောနိုင်တဲ့ အနေအထားမျိုးကတော့ မရှိဘူး”ဟု ဦးကျော်မိုးခိုင်က ဆိုသည်။

မိုးစပါးစိုက်ပျိုးချိန်တွင် မိုးပြတ် သွားနိုင်သဖြင့် လယ်ကွက်အတွင်း ရေပြတ်လပ်မှု များဖြစ်ပေါ်နိုင်ပြီး စက်တင် ဘာလနှင့် အောက်တိုဘာလတွင် လာနီညာဆန်သွားပါက အဖျက်မိုးစွမ်းအား ကောင်းသွားနိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။

ပြီးခဲ့သည့်နှစ်က မေလဆန်းခန့် တွင် စပါးစိုက်ပျိုးရန်အတွက် လယ် စထွန်နေပြီဖြစ်သော်လည်း ယခုနှစ်တွင် မိုးနည်းပြီး ရေမရှိသဖြင့် လယ်မထွန်ရ သေးကြောင်း စော်ဝရွာမှ လယ်သမား ဦးအောင်ကြည်က ပြောသည်။

“ဒီနှစ်က လထပ်နှစ်ဆိုတော့ မိုး နည်းနည်းနောက်ကျမယ်လို့ ထင်တယ်။ မိုးအပေါ်ကြည့်ပြီး လိုက်လုပ်ရတာပေါ့။ ဒီနှစ်က မိုးနည်းမယ်ဆိုတော့ ထင်တာပဲ” ဟု ဦးအောင်ကြည်က ဆိုသည်။

ပြီးခဲ့သည့်နှစ် ဇန်နဝါရီ ၁ ရက်မှ မေလ ၂၇ ရက်အထိမှတ်တမ်းများအရ ယခုနှစ်ကာလတူတွင် ထားဝယ်တွင် မိုးရွာရက် ၁၀ ရက် လျော့နည်းပြီး လောင်းလုံးတွင် ၁၁ ရက်၊ မြိတ်တွင် ၅ ရက်၊ ကော့သောင်းတွင် ၁၃ ရက် လျော့နည်းကြောင်း အထက်ပါ ဌာနမှ သိရသည်။

Dawei Watch