ထားဝယ် ပထမဆုံး ကိုဗစ်လူနာ နောက်တစ်ကြိမ် ထပ်စစ်ချိန် ပိုးမတွေ့က ဆေးရုံဆင်းခွင့်ပြုမည်

0
272

မလေးရှားနိုင်ငံမှပြန်လာသည့် ထားဝယ်ကိုဗစ်လူနာတွင် ပထမအကြိမ် ဓာတ်ခွဲစစ်ဆေးရာ ပိုးမတွေ့ရသည့် အတွက် နောက်တစ်ကြိမ်ထပ်စစ်ဆေးမည်ဖြစ်ပြီး ဒုတိယအကြိမ် ပိုးမတွေ့ ပါက ဆေးရုံမှဆင်းခွင့်ပြုမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာထွေးမြစိုးက ပြောသည်။

ကိုဗစ်လူနာအမှတ် ၁၈၅ ကို ရောဂါပိုးရှိ/မရှိ မေလ ၂၈ ရက်နေ့က နမူပို့စစ်ဆေးရာ ပိုးမတွေ့သည့်အဖြေ ထွက်ကြောင်း ၎င်းက ဆိုသည်။

ထိုကြောင့် ထပ်မံစစ်ဆေးရန် မေလ ၃၀ ရက်နေ့တွင် နမူနာယူပြီး ဓာတ်ခွဲ ခန်းသို့ ပို့ထားကြောင်း ဒေါက်တာ ထွေးမြစိုးက ဆိုသည်။

“နောက်အဖြေလည်း နဂ္ဂတစ် (ပိုးမတွေ့)ဆိုရင်တော့ နောက်နှစ်ရက် နေရင် ပေးဆင်းမယ်။ စောင့်ကြည့် စခန်းကို ပြန်ပို့မယ်ပေါ့နော်”ဟု ဒေါက်တာ ထွေးမြစိုးက ပြောသည်။

ဆေးရုံဆင်းခွင့်ရပါက စောင့်ကြည့် စခန်းတွင် သီးခြားထားရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် အဆိုပါလူနာ၏ သွေးပေါင်ချိန်နှင့် ကိုယ်အပူချိန်မှာ ပုံမှန်အတိုင်းပင်ရှိပြီး ကျန်းမာနေကြောင်း ကျန်းမာရေးဌာနထံမှ သိရသည်။

၎င်း၏မိသားစုဝင်များနှင့် ထိတွေ့ ခဲ့သူအားလုံး၏ ဓာတ်ခွဲအဖြေတွင်လည်း ပိုးမတွေ့ရဘဲ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

လူနာအမှတ် ၁၈၅ ၌ ကိုရိုနာရောဂါ ပိုးတွေ့ကြောင်း မေလ ၁၈ ရက်နေ့တွင် အစိုးရက ကြေညာခဲ့သည်။

Dawei Watch