လွှတ်တော်တွင် ကတိကဝတ် သက်ရောက်ပြီး တိုင်းအစိုးရက မလုပ်သေးသည့်လုပ်ငန်း သုံးဆယ်ကျော် ရှိ

0
449

တိုင်းလွှတ်တော်တွင် ကတိကဝတ်သက်ရောက်ခဲ့သည့် အဆိုနှင့် မေးခွန်းများအနက် ၃၃ ခုကို လက်ရှိအချိန်အထိ တိုင်းအစိုးရက ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း တိုင်းလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ စိစစ်ရေးကော်မတီက တင်သွင်းသည့်အစီရင်ခံစာအရ သိရသည်။


ဒုတိယအကြိမ် တိုင်းလွှတ်တော် ပထမပုံမှန်အစည်းအဝေးစတင်ခဲ့သည့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလက ကျင်းပခဲ့သော ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ လေးနှစ်ကျော်အတွင်း ကတိကဝတ်သက်ရောက်သည့် မေးခွန်းနှင့်အဆို ၂၂၈ ခု ရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။


ယင်းအနက် တိုင်းအစိုးက အကောင်အထည်ဖော်ရန် ကျန်ရှိနေသည့် လုပ်ငန်း ၃၃ ခုရှိပြီး ဆောင်ရွက်ဆဲ ၁၁၄ ခုနှင့် ဆောင်ရွက်ပြီး လုပ်ငန်း ၈၁ ခုရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။


၂၀၁၆ ခုနှစ်က အောင်မြင်ခဲ့သည် အဆိုတစ်ခုဖြစ်သော အစိုးရအစီအမံဖြင့် ဆောင်ရွက်နေသည့် ကျပ်သန်း ၃၀ဝ နှင့်အထက် တည်ဆောက်ရေးလုပ်ငန်းများကို ပြင်ပပညာရှင်အဖွဲ့ဖြင့် အရည်အသွေးစစ်ဆေးရန် အဆိုကိုလည်း ဆောင်ရွက်ရန်ကျန်ရှိနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။


ကျွန်းစုမြို့နယ် ရေပြင်ရေယာဉ်အသွားအလာများသော နေရာများတွင်ရှိနေသော ကျောက်ဆောင်၊ ကျောက်ပုံ ရှိကြောင်း မှတ်တိုင်များစိုက်ထူပေးရေး ကိစ္စမှာလည်း ဆောင်ရွက်ရန်ကျန်နေကြောင်း ဖော်ပြထားသည်။


ဌာနဆိုင်ရာအသီးသီးနှင့် ကုမ္ပဏီတို့အကြား တည်ဆောက်ရေးလုပ်ငန်းစာချုပ်များကိုလည်း လွှတ်တော်ပေးပို့ရန် ကျန်နေသေးပြီး မြိတ်မြို့ ငါးအမှုန့်ကြိတ်စက်ရုံများမှ အနံ့ဆိုးများကိစ္စ၊ ရုပ်ရှင်ရုံများ စာချုပ်အတိုင်း လုပ်ဆောင်ခြင်းမရှိသည့်ကိစ္စ စသည်တို့ စိစစ် ကြပ်မတ်ရန် ကျန်နေခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။


ယင်းအပြင် သတ်မှတ် စံချိန်၊ စံညွှန်းများမပြည့်ဘဲ တည်ဆောက်ပြီးစီးနေသည့် ဆောက်လုပ်ရေးလုပ်ငန်းအချို့လည်းရှိကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။


“လွှတ်တော်ကော်မတီတွေရဲ့ အစီရင်ခံစာကို သက်ဆိုင်ရာဝန်ကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ အသိအမှတ်ပြုပြီးတော့ အလေးထားပြီးတော့ အကြံပြုချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးစေလိုပါတယ်” ဟု တိုင်းလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌဒေါက်တာထူးနေအောင်က ဆိုသည်။


ဝန်ကြီးချုပ်ဦးမြင့်မောင်ကမူ လွှတ်တော်ကော်မတီများက တင်သွင်းသည့် အစီရင်ခံစာများကို ပြန်သုံးသပ်ပြီး အကောင်းဆုံးဖြစ်စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောသည်။


အဆိုပါအစီရင်ခံစာကို မေလ ၂၀ ရက်က ပြုလုပ်သည့် တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

ကျော်သူစိုး