တိုင်းလွှတ်တော်တွင် ကိုဗစ်အကြောင်း လုံးဝမပြော

0
335

ကိုဗစ်ကပ်ရောဂါအကြားတွင် ကျင်းပနေသည့် တိုင်းလွှတ်တော်အစည်းအဝေး လေးရက်စလုံးတွင် ကိုဗစ်ကပ်ရောဂါနှင့် ပတ်သက်ပြီး တိုင်းအစိုးရက ကိုင်တွယ်ဖြေရှင်းနေသည့်ကိစ္စအကြောင်းကို ဆွေးနွေးပြောဆိုခြင်း မရှိပေ။


မြေပြင်တွင်မူ တိုင်းအစိုးရ၏ ကိုဗစ်ကပ်ရောဂါကိုင်တွယ် လုပ်ဆောင်ပုံကိစ္စနှင့်ပတ်သက်ပြီး ဝေဖန်ခံနေရသည်။


လက်ရှိတွင် တိုင်းအစိုးရသည် ကိုဗစ်ကပ်ရောဂါနှင့်ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းနေဆဲအခြေအနေသာဖြစ်သောကြောင့် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ မေးခွန်းထုတ်ရန်မဖြစ်နိုင်ကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။


လွှတ်တော်အနေဖြင့် အစိုးရထံ ကိုဗစ်ကပ်ရောဂါကိစ္စနှင့်ပတ်သက်ပြီး အစီရင်ခံစာတစ်စောင်ကို ပို့ထားပြီးဖြစ်ကာ နှစ်ဘက်ဆွေးနွေးလုပ်ဆောင်နေကြောင်း ဦးခင်မောင်အေးက ပြောသည်။


“လုပ်နေဆဲကာလ ဖြစ်တယ်။ လုပ်လည်း လုပ်ထားတာကို သိထားပြီး ဖြစ်တဲ့အတွက်ကြောင့် လွှတ်တော်မှာ မေးခွန်းမေးလို့ မရဘူး။ လွှတ်တော် ဥပဒေအရ။ အဲဒါကြောင့် လွှတ်တော်မှာတော့ မေးခွန်း မမေးတော့ဘူး” ဟု ဦးခင်မောင်အေးက ပြောသည်။

ကိုဗစ်ကြားက တိုင်းလွှတ်တော်

တိုင်းလွှတ်တော်အစည်းအဝေးကို မေလ ၁၈ ရက်မှ ၂၁ ရက်အထိ လေးရက်တာ ကျင်းပခဲ့ပြီး နောက်ထပ်ကျင်းပရန်ကျန်နေသည့် အစည်းအဝေးကို မေလ ၂၇ သို့ ရွှေ့ဆိုင်းထားသည်။


NLD ဗဟိုသုတေသနအဖွဲ့က တနင်္သာရီတိုင်းကို လာမည်ဖြစ်သောကြောင့် ကိုယ်စားလှယ်များမှာ မဲဆန္ဒနယ်များသို့ လိုက်ပါရမည်ဖြစ်သဖြင့် အစည်းအဝေးကို ရက်ရွှေ့ဆိုင်းထားခြင်းဖြစ်ကြောင်း ဦးခင်မောင်အေးက ပြောသည်။

ကျော်သူစိုး