ကမ်းဝေးလှေများ တနင်္သာရီတိုင်းပြင်ပ ရောဂါပိုးမတွေ့သေးသည့်ဒေသတွင်ရပ်နားက စောင့်ကြည့်စခန်းဝင်ရန် မလို

0
388
ကိုဗစ် ဒုတိယ လှိုင်း သတိရှိပါ

ကမ်းဝေးငါးဖမ်းလှေလုပ်ကိုင်နေသည့် ရေလုပ်သားများ တနင်္သာရီတိုင်းပြင်ပ ရောဂါပိုးမတွေ့သေးသည့်ဒေသတွင် ရပ်နားကာလုပ်ငန်းခွင်သိမ်းပြီး နေရပ်ပြန်လာပါက စောင့်ကြည့်စခန်းတွင် နေထိုင်ရန်မလိုအပ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။


လက်ရှိတွင် ငါးဖမ်းရာသီကုန်ဆုံးတော့မည်ဖြစ်သဖြင့် ကမ်းဝေးငါးဖမ်းလှေများက ၎င်းတို့အခြေစိုက်ရာမြို့တွင် လှေရပ်နားကာ လုပ်ငန်းခွင်သိမ်းကြတော့မည် ဖြစ်သည်။
ဝါးတန်းလှေဟုခေါ်သည့် ဝိုင်းကြီးချုပ်လှေအများစုက ရန်ကုန်မြို့တွင်အခြေစိုက်ပြီး ၎င်းတို့လည်း လုပ်ငန်းခွင်သိမ်းရန် ပြင်ဆင်နေကြပြီဖြစ်သည်။


ဥပမာ ရန်ကုန်တိုင်းအတွင်းရှိ ကြည့်မြင်တိုင်မြို့နယ်တွင် လှေရပ်နားပြီး လုပ်ငန်းခွင်သိမ်းပါက ယင်းရေလုပ်သားများ နေရပ်ပြန်ချိန်တွင် စောင့်ကြည့်စခန်းတွင် နေရန်မလိုအပ်ပေ။


သို့ရာတွင် ငါးဖမ်းလှေရပ်နားသည့် မြို့နယ်ရှိသက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ထောက်ခံချက်ယူရန်လိုအပ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ဆိုသည်။


အဆိုပါ ငါးဖမ်းလှေများလုပ်ငန်းခွင်နားရန် တနင်္သာရီတိုင်းအတွင်းရပ်နားပါက ယင်းလှေပေါ်ရှိရေလုပ်သားများ စောင့်ကြည့်စခန်းတွင် နေရန်မလိုအပ်ကြောင်း ဦးကျော်မင်းက ဆိုသည်။

ရေယာဉ်မှတ်ပုံတင်ရရှိပါက ကမ်းနီးငါးဖမ်းလိုင်စင် ထုတ်ပေးမည်

ရောဂါဖြစ်ပွားနေသည့်ဒေသတွင် လှေရပ်နားပြီး လုပ်ငန်းခွင်သိမ်းသည့် ရေလုပ်သားများ၊ ထိုင်းနိုင်ငံနှင့် ချိတ်ဆက်ပြီး ငါးသယ်/ငါးရောင်းနေသူများ အားလုံးကမူ မိမိရပ်ရွာရှိ စောင့်ကြည့်စခန်းတွင် သတ်မှတ်ရက်အတိုင်းနေရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။


“ရောဂါဖြစ်ပွားသော နေရာနဲ့ချိတ်ဆက်ပြီး ဆောင်ရွက်နေတဲ့ ရေလုပ်သားများ အားလုံးကတော့ ၂၁ ရက် စောင့်ကြည့်စခန်းမှာ နေကြရမှာဖြစ်ပါတယ်” ဟု ဝန်ကြီးဦးကျော်မင်းက ပြောသည်။


လက်ရှိတွင် ရေလုပ်ငန်းရာသီ သိမ်းချိန်နီးနေပြီဖြစ်သည့်အတွက် ငါးဖမ်းလှေလိုက်နေသည့် ရေလုပ်သားထောင်ချီ နေရပ်ပြန်လာတော့မည် ဖြစ်သည်။


ပုံမှန်အရွယ်အစားရှိသည့် ဝါတန်းငါးဖမ်းလှေတစ်စင်းလျှင် လှေသား ၄၀ ဦးမှ ၆၀ ဦးအထိ လိုက်ပါလုပ်ကိုင်ကြသည်။


ကမ်းဝေးငါးဖမ်းလှေများက ချက်ပွိုင့် စခန်း(စစ်ဆေးရေးစခန်း)များတွင် စစ်ဆေးမှုခံယူပြီး ငါးဖမ်းထွက်လေ့ရှိကာ ပင်လယ်ပြင်တွင်လည်း နှစ်လမှ သုံးလကြာအထိ ငါးဖမ်းပြီးမှ ပြန်ဝင်လာကြခြင်းဖြစ်သည့်အတွက် စောင့်ကြည့်ရန်မလိုဟုထင်ကြောင်း ထားဝယ်ခရိုင်ငါးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်သက်က ဆိုသည်။


အဆိုပါ လှေများကပုံမှန်အားဖြင့် ပြည်ပနှင့် ထိတွေ့မှုမရှိသကဲ့သို့ ရန်ကုန်မြို့တွင် လုပ်ငန်းခွင်သိမ်းရာတွင်လည်း ငါးဖမ်းပိုက်တင်ပြီးနောက် ထားဝယ်သို့ မှန်လုံကားဖြင့် တိုက်ရိုက်ပြန်လာကြခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။


ရေလုပ်သားများ နေရပ်ပြန်လာချိန်တွင် စောင့်ကြည့်စခန်းတွင် နေရမည်ဆိုပါက ရေလုပ်သားအများစုရှိသည့် ကျေးရွာများတွင် နေရာနှင့် စီမံခန့်ခွဲမှု ပြဿနာဖြစ်ပွားလာနိုင်သည့်အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အကျပ်အတည်းဖြစ်လာနိုင်ကြောင်း ကမ်းရိုးတန်းတစ်လျှောက်ငါးဖမ်းနေသည့် ကမ်းနီးရေလုပ်သားများကမူ စောင့်ကြည့်စခန်း တွင် နေရန်မလိုအပ်ကြောင်း ဦးကျော်မင်းက ဆိုသည်။


သို့ရာတွင် ကမ်းနီးငါးဖမ်းလှေအချို့က ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်စသည့် အခြားတိုင်းနှင့် ပြည်နယ်များအထိ သွားရောက်ပြီး ငါးဖမ်းဆီးကြသည်။


ကမ်းဝေးရေလုပ်သားများ စာရင်းအချက်အလက်များရရှိရန်အတွက် ငါးလုပ်ငန်းဦးစီးဌာနနှင့် အလုပ်သမားဌာနတို့ ပူးပေါင်းကာ စာရင်းပြုစုနေကြောင်း ၎င်းက ပြောသည်။


တနင်္သာရီတိုင်းအတွင်း ကမ်းဝေးငါးဖမ်းလှေစီးရေ ၁၅၀ဝ ကျော်ရှိပြီး ဒေသခံများက အခြားတိုင်းနှင့် ပြည်နယ်အခြေစိုက် ကမ်းဝေးငါးဖမ်းလှေများတွင် လုပ်ကိုင်သူများလည်းရှိသည်။


ထားဝယ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်သက်ကမူ ဝါတန်းငါးဖမ်းလှေလုပ်ကိုင်နေသည့် ဒေသခံရေလုပ်သား ငါးထောင်ကျော်ရှိနိုင်ကြောင်း ခန့်မှန်းသည်။