မိုးစပါးချေးငွေ လူခွဲထုတ်ချေးနေရသဖြင့် ကြန့်ကြာနိုင်

0
388

နှစ်စဉ်ထုတ်ချေးပေးနေသည့် မိုးစပါးချေးငွေများအား ယခုနှစ်တွင် ကိုဗစ်ကြောင့်လူစုခွဲကာ ထုတ်ချေးပေးနေရသည်။ ယင်းကြောင့် အချိန်ကြန့်ကြာနိုင်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။


မြိတ်ခရိုင်အတွင်း မိုးစပါးချေးငွေများအား မေလ ၂၁ ရက်မှစကာ ထုတ်ချေးပေးနေပြီး တစ်နေ့လျှင် တောင်သူဦးရေ တစ်ရာသာအကန့်အသတ်ဖြင့် ထုတ်ချေးပေးနေရကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်မန်နေဂျာ ဦးသန်းစိုးက ပြောသည်။


“လူသုံးရာလောက်ရှိတဲ့ရွာ အရင်ကတစ်ရက်တည်း ထုတ်ချေးနေရာက အခုဆိုသုံးရက်လောက် လူစုခွဲပြီး ထုတ်ချေးနေရတယ်။ ဒါကြောင့် နည်းနည်းလေး ပိုပြီးကြန့်ကြာသွားမယ့် သဘောရှိတယ်” ဟု ၎င်းက ပြောသည်။


ထုတ်ချေးရာတွင်လည်း တောင်သူတစ်ရာလျှင် နံနက်နှင့် ညနေ နှစ်သုတ်ခွဲကာ ထုတ်ချေးပေးနေရကြောင်း သိရသည်။


ယခင်က မိုးစပါးချေးငွေကို ရုံးတွင်ထုတ်ပေးခဲ့သော်လည်း ကိုဗစ်ကြောင့် ယခုနှစ်တွင် ကျယ်ဝန်းသည့် ဘုန်းတော်ကြီးကျောင်းများတွင် ပြုလုပ်နေရသည်။


မြိတ်ခရိုင်လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြိတ်၊ ကျွန်းစု၊ တနင်္သာရီ၊ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့နယ်များအား တာဝန်ယူငွေထုတ်ချေးနေပြီး ယင်းမြို့နယ်များသို့ သွားရောက်ကာ ချေးငွေပေးအပ်ရန်စီစဉ်နေကြောင်း ခရိုင်မန်နေဂျာဦးသန်းစိုးက ပြောပြသည်။


“အမြန်ဆုံးဖြစ်အောင်တော့ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောသည်။
မိုးစပါးချေးငွေကို တစ်ဧကလျှင်ကျပ် တစ်သိန်းခွဲနှုန်းဖြင့်ချေးနိုင်ကာ အများဆုံးဆယ်ဧကအထိ ထုတ်ချေးနိုင်သည်ဟု သိရသည်။


ယခင်နှစ်များက မိုးစပါးချေးငွေတစ်နှစ်အတိုးနှုန်းကို အစိုးရသို့ ရှစ်ရာခိုင်နှုန်းပေးဆောင်ရပြီး ယခုနှစ်တွင် ကိုဗစ်နိုင်တင်းကြောင့် ငါးရာခိုင်နှုန်းသို့ လျှော့ချပေးခဲ့ကြောင်း ခရိုင်မန်နေဂျာက ပြောပြသည်။


ပြီးခဲ့သည့်နှစ်က မြိတ်ခရိုင်လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ငါးမြို့နယ်ရှိ တောင်သူဦးရေ ၆၂၃၇ ဦးအား ထုတ်ချေးပေးခဲ့ကြောင်း ၎င်းက ဆိုသည်။


ယခုနှစ်မိုးစပါးချေးငွေကို မေလမှ စက်တင်ဘာလကုန်အထိ ထုတ်ချေးမည်ဖြစ်ပြီး ချေးငွေဆပ်ကာလကို ၂၀ဝ၁ ခုနှစ် မေလ ၁၅ ရက်အထိ သတ်မှတ်ထားကြောင်း သိရသည်။

ကိုဆန်း