ပြဒါးပါ တားမြစ်အလှကုန် ရေဖြူဈေးကွက်တွင် တွေ့ရှိ

0
1217

ပြဒါးပါဝင်သဖြင့် တားမြစ်ထားသည့် အလှကုန်တစ်မျိုးကို ရေဖြူဈေးကွက်တွင် တွေ့ရှိသဖြင့် သိမ်းဆည်းခဲ့သည်ဟု တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ထံမှ သိရသည်။


အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်များ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် FDA ဌာနနှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့သည် ရေဖြူမြို့နယ်ရှိ ကုန်စုံဆိုင်ကြီးများကို ရှောင်တခင်ဝင်ရောက်စစ်ဆေးစဉ် အလှကုန်ဘူး ၄ ဘူးကို တွေ့ရှိခဲ့သဖြင့် သိမ်းဆည်းကာ ရောင်းချနေသည့်ဆိုင်ရှင်ကို ခံဝန်လက်မှတ်ရေးထိုးစေခဲ့ကြောင်း အထက်ပါဌာနမှ သိရသည်။


တရုတ်ဘာသာဖြင့် ဖော်ပြထားသည့် QIANLI Acarus Removed & Spots Removing Cream အလှကုန်တွင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်နိုင်သည့် တားမြစ်ဓာတုပစ္စည်းပြဒါးနှင့် Metronidazole ပါဝင်ကြောင်း အထက်ပါဌာနမှ တိုင်းဦးစီးမှူးဒေါ်မေသန်းနိုင်က ပြောသည်။


အဆိုပါ အလှကုန်တွင် တားမြစ်ဓာတုပစ္စည်းပါဝင်ကြောင်း ပြီးခဲ့သည့် ၂ နှစ်ကျော်ကတည်းက ထုတ်ပြန်ထားပြီးဖြစ်သည်။


အဆိပ်သင့်ဓာတုပစ္စည်းပါဝင်သည့် အလှကုန်ကိုသုံးစွဲမိပါက အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျဉ်ခြင်း၊ ကြွက်သား တုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါကိုပါ ဖြစ်စေနိုင်ကြောင်း၊ ပြဒါးပါဝင်သည့် အလှကုန်ကိုရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများဖြစ်ပွားစေနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။