မွန်တွင် လူစုလူဝေးလုပ်သူကို ထောင်ဒဏ် ၉ လထိ ပြစ်ဒဏ်ချမှတ်

0
612

လူစုလူဝေး ဦးဆောင်ပြုလုပ်ခဲ့သည့် မွန်ပြည်နယ်ကျိုက်မရောမြို့နယ် ကော့ခလိန်းကျေးရွာအုပ်စု ကြာအင်းချောင်းကျေးရွာနေ ဦးဇော်မင်းကို ထောင်ဒဏ် ၉ လ ကျခံစေရန် ကျိုက်မရောမြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။


ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးမပြုလုပ်ရန် ညွှန်ကြားချက်ထုတ်ပြန်ထားသည့်အပေါ် လိုက်နာမှုမရှိသည့် ဦးဇော်မင်းကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥပဒေ ပုဒ်မ ၃၀(က) ဖြင့် ကျိုက်မရောမြို့နယ်အုပ်ချုပ်ရေးမှူးမှ ဧပြီလ ၁ ရက်က တရားစွဲဆိုခဲ့ပြီး မေလ ၁၂ ရက်နေ့က ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။


ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များ ဖောက်ဖျက်လျှင် ပုံမှန်အားဖြင့်ချက်ချင်း ပြစ်ဒဏ်ချမှတ် အရေးယူလေ့ရှိသော်လည်း ယခုဖြစ်စဉ်တွင်ဦးဇော်မင်းက ရှေ့နေငှားပြီးအမှုရင်ဆိုင်ခဲ့သည့်အတွက် တစ်လကျော်ကြာဖြစ်သွားသည်ဟု ကျိုက်မရောမြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောသည်။


“အဲဒါကြောင့် (အမှုက) ကြာသွားတာ သက်သေတွေလည်း များတယ်” ဟု ကျိုက်မရောမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်က ပြောသည်။


ဘုရားထီးတော်တင်ပင့်ဆောင်သည့် ကိစ္စနှင့်ပတ်သက်ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးက တားမြစ်ခဲ့သည့်ကြား၌ပင် မတ်လ ၃၀ ရက်နေ့က ကြာအင်းချောင်းကျေးရွာနေ ဦးဇော်မင်းမှ ဦးဆောင်၍ ရွာသူ/သား ၁၅၀ ဦးခန့်တို့သည် မော်တော်ယာဉ် ၁၈ စီးနှင့် ဆောင်းဘောက်စ် တင်ကား ၂ စီးဖြင့် ဘုရားထီးတော်တင်ပင့်ဆောင်ရန် လူစုလူဝေးပြုလုပ်ခဲ့သည်။


ပြည်သူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အချိန်နှင့်တပြေးညီ ထုတ်ပြန်ထားသည့် အသိပေးချက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ရန်၊ လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများဖြစ်သည့် ရာဇသတ်ကြီးဥပဒေ၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဥပဒေဖြင့် အရေးယူမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့က မတ်လ ၂၈ ရက်နေ့က ထုတ်ပြန်ထားသည်။


အဆိုပါ ထုတ်ပြန်ချက်သည် မေလ ၁၅ ရက်နေ့ထိ အတည်ဖြစ်သည်ဟုလည်း ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။


မွန်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များနှင့် ပတ်သက်ပြီးဖောက်ဖျက်သူကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဥပဒေဖြင့် အရေးယူသည့်ဖြစ်စဉ်များထဲတွင် ယခုဖြစ်စဉ်သည် ပြစ်ဒဏ်အမြင့်ဆုံး ချမှတ်ခံရခြင်းဖြစ်သည်။