မွန် ရေရှားပါးမှု ပြဿနာ ပိုဆိုးလာ

0
415

မွန်ပြည်နယ်အတွင်း ရေရှားပါးမှု ဖြစ်ပွားနေသည့်အနေအထားသည် မေလပထမအတွင်း အခြေအနေပိုဆိုးလာကြောင်း ရေလိုက်လံဖြန့်ဝေပေးလှူနေသူတို့နှင့် ဒေသခံတို့ထံမှ သိရသည်။


မွန်ပြည်နယ်အတွင်း၌ မတ်လဆန်းမှစကာ ရေရှားပါးမှု စတင်ကြုံတွေ့လာခဲ့ရပြီး မေလ ပထမအပတ်အတွင်းတွင် ရေအဓိကရယူနေရသည့် အဝီစိတွင်း၊ ဆည်တို့တွင်လည်း ရေခန်းခြောက်ကုန်သည်အထိ ရေခက်ခဲမှုရှိလာသည်ဟု ရေလိုက်လံဖြန့်ဝေပေးလှူနေသူတို့က ပြောသည်။


ပြီးခဲ့သည့်နှစ်က ရေယူနေသည့်ကန်တွင် ယခုနှစ်ရေခန်းသွားပြီး ယမန်နှစ်က ရေမရှားသည့် ရပ်ကွက် ရေရှားလာကြောင်း ဘိုဘိုဝင်းလူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့မှ ကိုဘိုဘိုဝင်းက ပြောသည်။


“တော်တော်လေးကို အခြေအနေဆိုးနဲ့ ရင်ဆိုင်နေရတယ်” ဟု ကိုဘိုဘိုဝင်းက ပြောသည်။
မော်လမြိုင်မြို့တွင် မြို့ပေါ်ရပ်ကွက် အားလုံးရေရှားနေကြောင်း ၎င်းက ပြောသည်။


လက်ရှိတွင် မွန်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်စလုံးရှိ ရပ်ကွက်ကျေးရွာအများစုတွင် ရေရှားနေပြီး မော်လမြိုင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ ပေါင်မြို့နယ်တို့တွင် ရေရှားပါးမှု ဆိုးဆိုးဝါးဝါးကြုံနေကြောင်း ဒေသခံတို့ထံမှ သိရသည်။


လာမည့်နှစ်ပတ်အတွင်း မိုးရွာသွန်းမှုမရှိပါက ရေရှားပါးမှုပြဿနာသည် လက်ရှိထက် အခြေအနေပိုဆိုးလာနိုင်သည်ဟု ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ကိုမင်းအောင်မွန်က ပြောသည်။


“တွင်းရေ အဝီစိတွင်းရေတွေလည်း ခန်းလာတယ်။ ရေပေးဝေတဲ့တွင်းတွေဆိုရင် ရေမထွက်တော့ဘဲ ရေခန်းကုန်တယ်” ဟု ပေါင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ပေါင်မြို့နယ်အခြေအနေကို ပြောသည်။


မော်လမြိုင်မြို့ပေါ် ရပ်ကွက်အတော်များများကို ရေဖြန့်ဝေပေးနေသည့် ရွှေနတ်တောင်ဆည်နှင့် ကင်ပွန်းချုံဆည်တို့တွင်လည်း ရေခန်းခြောက်လာပြီး နှစ်ပတ်စာခန့်သာ ဖြန့်ဝေပေးနိုင်တော့သည့်အခြေအနေကြောင့် မိုးမကျမီ ရေသုံးစွဲနိုင်ရေးအတွက် ရေချွေတာသုံးစွဲကြရန် မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က မေလ ၇ ရက်က ပြည်သူများအား အသိပေး ထုတ်ပြန်ထားသည်။


ရေအခက်အခဲဖြစ်သည့် ရပ်ကွက်/ ကျေးရွာများသို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မီးသတ်၊ စည်ပင်၊ လူမှုအဖွဲ့အစည်းအလှူရှင် နိုင်ငံရေးပါတီတို့က ရေလိုက်လံဖြန့်ဝေလှူဒါန်းပေးနေသော်လည်း တချို့ရပ်ကွက်/ ကျေးရွာသို့ ရေအလှူရှင်များ မရောက် သည့်အတွက် ရေဝယ်သုံးနေရသည်။


မွန်ပြည်နယ်တွင် နှစ်စဉ်နှစ်တိုင်း ရေရှားပါးမှုပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။
ပြည်နယ်အစိုးရအဖွဲ့က ငွေကျပ်သိန်းထောင်ပေါင်းများစွာသုံးကာ ရေရှားမှုပြဿနာကို နှစ်စဉ်နှစ်တိုင်း ဖြေရှင်းနေသော်လည်း ရေရှားပါးမှုအခြေအနေသည် တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာနေသည်။