တပ်မဲရုံ လျော့ အရပ်သား မဲရုံ တိုး

0
582

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက် တပ်မဲရုံ လျော့နည်းသွားပြီး အရပ်သားမဲရုံ ထပ်တိုးလာကြောင်း တနင်္သာရီတိုင်းရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။


တိုင်းအတွင်းလျာထားသည့် မဲရုံစုစုပေါင်း တစ်ထောင်ကျော် (၁၁၂၁)ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲထက် အရပ်သားမဲရုံ ၅၀ ရုံခန့်တိုးလာကာ တပ်မဲရုံမှာ ၂၀ ဝန်းကျင်ခန့် လျော့နည်းလျာထားကြောင်း တိုင်းရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးက ပြောသည်။


တိုင်းအတွင်း မဲဆန္ဒရှင်ဦးရေ တိုးလာခြင်း၊ လူများသည့် မဲရုံအချို့ကို နှစ်ခုခွဲလိုက်ခြင်းကြောင့် အရပ်သားမဲရုံများတိုးလာခြင်းဖြစ်ပြီး တပ်မဲရုံလျော့ကျလာခြင်းမှာ အရပ်သားမဲရုံအချို့နှင့် တပ်မဲရုံအချို့ကို ပေါင်းလိုက်ခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ပြောသည်။


“တပ်မဲရုံတွေကတော့ တပ်အဝန်းအဝိုင်းထဲမှာ ရှိမှာမဟုတ်ဘူး။ တပ်ဧရိယာပြင်ပမှာပဲ ရှိမယ်။

တပ်ဧရိယာပြင်ပမှာမှ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာနဲ့ တစ်ဆက်တစ်စပ်တည်း ဖြစ်နေတဲ့ နေရာမျိုးဆိုရင်တော့ အများပြည်သူ မဲရုံတွေနဲ့ပေါင်းပြီး ဆောင်ရွက်ဖို့ အနေအထားရှိတယ်” ဟု ၎င်းက ပြောသည်။


လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် အစိုးရဌာနဆိုင်ရာလုပ်ငန်းအချို့ ရပ်နားထားသော်လည်း ၂၀၂၀ ရွေးကောက်ပွဲကိုမူ နိုဝင်ဘာလတွင် ပုံမှန်အတိုင်းကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

ကျော်သူစိုး