မြိတ်ဒေသထွက် ဒူးရင်းသီးဈေး ထက်ဝက်ကျ

0
1410

မြိတ်ဒေသမှ ထွက်ရှိလာသည့် ရာသီပေါ်ဒူးရင်းသီးများ ဈေးထက်ဝက်ကျဆင်းပြီး ဝယ်ယူစားသုံးသူများလည်း နည်းပါးလာကြောင်း ဒူးရင်းသီးရောင်းချသူများထံမှ သိရသည်။


ယခင်နှစ်များက ဒူးရင်းသီးတစ်လုံးလျှင် ကျပ်တစ်ထောင်မှ ကျပ်သုံးထောင်အထိ ရောင်းချခဲ့ရပြီး ယခုနှစ်တွင် ကျပ်ငါးရာမှ ကျပ်တစ်ထောင့်ငါးရာအထိသာ ပေါက်ဈေးရှိတော့ကြောင်း မြိတ်ကမ်းနားလမ်းရှိ ဒူးရင်းသီးရောင်းဝယ်သူများက ဆိုသည်။


“ခရီးသွားလာသူတွေ မရှိတော့ ရောင်းအားလည်း သုံးချိုးနှစ်ချိုးလောက် ကျသွားတယ်။ ဈေးကလည်း မရှိဘူး” ဟု ဒူးရင်းသီးရောင်းဝယ်သူ ဒေါ်ခင်ရီက ပြောသည်။


ယခင်က တစ်နေ့စာရောင်းချရသည့် ဒူးရင်းသီးကို ယခုအခါ နှစ်ရက်ခန့်ရောင်းချရကြောင်း ၎င်းတို့က ပြောပြသည်။


“ဒီနှစ်မျိုးတစ်ခါမှ မကြုံဖူးဘူး။ ဈေးကျနေတာတောင်မှ ဝယ်စားမယ့်သူက သိပ်မရှိကြဘူး” ဟု နှစ်စဉ်ဒူးရင်းသီးဝယ်ရောင်းသူ မစန်းစန်းအေးက ပြောသည်။


ယခုနှစ် အပူချိန်ပြင်းပြီး ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် အပြင်လည်းမထွက်ဖြစ်သလို ဒူးရင်းသီးသည်ထံသို့လည်း မရောက်ဖြစ်တော့ကြောင်း မြိတ်မြို့၊ မြို့သစ်ရပ်နေ ဒူးရင်းသီးကြိုက်သူ အိမ်ရှင်မတစ်ဦးက ဆိုသည်။


“အိမ်တိုင်ရာရောက် လာရောင်းမှပဲ ဝယ်စားဖြစ်တော့တယ်” ဟု ၎င်းက ပြောသည်။


ဒူးရင်းသီးများကို ဧပြီလမှ ဇူလိုင်နှင့် ဩဂုတ်လအထိ ထွက်ရှိကြပြီး မြိတ်ဒေသအတွင်း ကျွန်းစုမြို့နယ်၊ ကတန်ကျွန်းမှ အများဆုံးထွက်ရှိကြကြောင်း ဒူးရင်းသီးရောင်းဝယ်သူများထံမှ သိရသည်။