ကိုဗစ်လွန်မှ မင်္ဂလာဆောင်မည်

0
807

မင်္ဂလာမဆောင်ခင် အမေးငွေအပ်အတွက် ဖိတ်စာတွေဝေပြီးအချိန် မအေမီသုန်ဦး ရွာထဲတွင် အသံချဲ့စက်ဖြင့်လိုက်လံ သတိပေးနှိုးဆော်သံတစ်ခုကို ကြားလိုက်ရသည်။


ကိုရိုနာဗိုင်းရပ်ကာကွယ်တားဆီးရေးအတွက် မင်္ဂလာဆောင်၊ အလှူနှင့် ဘာသာရေး အခမ်းအနားများ မလုပ်ရဆိုသည့် သတိပေးနှိုးဆော်သံ ဖြစ်သည်။


လူစု၊ လူဝေး မဖြစ်စေရန် မင်္ဂလာဆောင်၊ အလှူကဲ့သို့သော အခမ်းအနားများ မလုပ်ဆောင်ကြရန် တနင်္သာရီတိုင်းအစိုးရအဖွဲ့က မတ်လ ၂၁ ရက်တွင် ညွှန်ကြားစာထုတ်ပြန်လိုက်သည်။


သူမအမေးငွေအပ်မည့်ရက်က မတ် လ ၂၅ ရက်။
ထိုနေ့မတိုင်မီ တစ်ရက်အလိုတွင် ကြားလိုက်ရသည့်အသံက သူမ၏အပျော်ကို ဖျက်ဆီးပစ်လိုက်တော့သည်။


“တကယ်ပျော်နေတဲ့ စိတ်တွေ ချက်ခြင်းပျောက်သွားတယ်။ ပျော်ရမယ့်နေ့မှာ မပျော်ရတော့ဘူး” ဟု မအေမီသုန်ဦးက ဆိုသည်။


ဧပြီလ ၁ ရက်နေ့ မင်္ဂလာဆောင်အတွက်လည်း ဖိတ်စာရိုက်၊ အလှပြင်သမားငှားခ၊ အကျွေးအမွေးစာရိတ်စကအတွက် စရံငွေတွေလည်း ပေးထားပြီးသား အခြေအနေ။
သို့သော် မင်္ဂလာဆောင်ကိုလည်း ကိုဗစ်ကပ်ရောဂါလွန်မှ ကျင်းပရန်ရက်ရွှေ့လိုက်ရလေသည်။

စရံငွေများလည်း ပြန်မရတော့။ မင်္ဂလာပြန်ဆောင်လျှင် စရံငွေပေးထားပြီးသူများကို ပြန်ခေါ် မည်ဟု မအေမီသုန်ဦးက ပြောသည်။


မအေမီသုန်ဦးထက် အခြေအနေပိုဆိုးသူတစ်ဦးမှာ လောင်းလုံးမြို့နယ်က အသက် ၂၅ နှစ်အရွယ် သတိုးသမီးလောင်းတစ်ဦး။ မင်္ဂလာဆောင် မလုပ်ရဆိုသည့် တားမြစ်ချက် ထုတ်ပြန်သည့်အချိန်တွင် သူမမှာ မင်္ဂလာဆောင်အတွက် ဖိတ်စာများပင်ဝေထားပြီးသား ဖြစ်နေပြီ။


သူမမင်္ဂလာဆောင် မလုပ်ဖြစ်တော့အကြောင်း တတ်နိုင်သလောက် အကြောင်းကြားခဲ့သော်လည်း မင်္ဂလာဆောင်မည့်နေ့တွင် မင်္ဂလာပွဲကို လာသည့်သူများပင် ရှိခဲ့ကြောင်း အထက်ပါ သတိုးသမီးလောင်းက ပြောသည်။


“တကယ်မင်္ဂလာပွဲနေ့မှာ တချို့တွေကလည်း ရောက်လာကြတယ်။ မင်္ဂလာပွဲ နောက်ဆုတ်လိုက်တယ်ဆိုပြီးပဲ ပြောလိုက်တယ်” ဟု ၎င်းက ဆိုသည်။


အချိန်အတိုင်းအတာတစ်ခုအထိ မင်္ဂလာရက်ရွှေ့ဆိုင်းလိုက်ရခြင်းကြောင့် ပတ်ဝန်းကျင်က လှောင်ပြောင်သည်ကိုလည်း ခံခဲ့ရကြောင်း မင်္ဂလာဆောင်ရက်ရွှေ့လိုက်သူအချို့က ပြောဆိုကြသည်။


အချို့သောသူများက ရွေ့လိုက်ရသော မင်္ဂလာဆောင်ရက်ကို တွေးရင်းဆွေးတသသ။
HomeStay ကာလ (နေအိမ်တွင် သာနေရမည့်ကာလ)ကို တူနှစ်ကိုယ် အတူဖြတ်သန်းချင်သည်။


“ယူပြီးရင်တော့ နှစ်ယောက်သား HomeStay နေပစ်လိုက်လို့ ရတယ်ပေါ့။ အခုဆိုရင်တော့ တစ်ယောက်တည်း HomeStay နေရတာလေ။ နှစ်ယောက်အတူတူသာ နေရရင် ပိုကြည်နူးစရာ ကောင်းမယ်လို့ထင်တယ်” ဟု ဆိုသူက လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေး ရွာသား ကိုသက်ဇော်မြတ် ဖြစ်သည်။


လက်ရှိတွင် မင်္ဂလာဆောင်ရာသီကုန်ဆုံးပြီး မိုးရာသီထဲရောက်လာပြီဖြစ်သောကြောင့် ကိုသက်ဇော်မြတ်တို့ မင်္ဂလာဆောင်ကို သီတင်းကျွတ်ကာလသို့ ရွေ့လိုက်ပြီဖြစ်သည်။


ထားဝယ်မြို့ပေါ်ရှိ စုံတွဲတစ်တွဲကမူ ကိုသက်ဇော်မြတ်ကဲ့သို့ အချိန်ရွေ့မနေတော့ဘဲ ခမ်းခမ်းနားနားမင်္ဂလာဆောင်မှ အကြင်လင်မယားဖြစ်သည်မဟုတ်ဟုဆိုကာ မင်္ဂလာဆောင်ရက်ရွေ့အပြီး ရက်အနည်းငယ်အကြာတွင် နှစ်ဦးသဘောတူ ခိုးပြေးလေတော့သည်။


“ကံတရားပေါ့ဗျာ။ မင်္ဂလာဆောင် ပြီးနေမယ်လို့ လုပ်ထားပြီးမှ မရည်ရွယ်ဘဲ ခိုးပြေးဖို့ ဖြစ်လာတာလေ” ဟု အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။


မအေမီသုန်ဦးကမူ ထိုသို့မဟုတ်။ မိန်းကလေးများအတွက် တစ်သက်တွင် တစ်မင်္ဂလာသာရှိသည်ဖြစ်သောကြောင့် လူကြီး၊ မိဘစုံစုံညီညီရှေ့တွင် ခမ်းခမ်းနားနား မင်္ဂလာဆောင်မည်ဟု ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။


ထိုကြောင့် ရောဂါအခြေအနေကောင်းလာသော တစ်နေ့ သိမ်းထားသော မင်္ဂလာဆောင်ဖိတ်စာများကို လိုက်လံဝေငှမည်။ ပြီးလျှင် မင်္ဂလာဆောင်မည်ဟု ၎င်းက တွေးထားသည်။


“အခုကတော့ ရောဂါအခြေအနေက မကောင်းသေးဘူးဆိုတော့ စောင့်နေရမှာ ပေါ့လေ” ဟု မအေမီသုန်ဦးက ဆိုသည်။

ကျော်သူစိုး