ကော့သောင်းဆိပ်ခံတံတား စက်တင်ဘာအပြီးဆောက်

0
438

ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက်ဆိပ်ကမ်းတွင် တည်ဆောက်လျက်ရှိသည့် အစိုးရပိုင်ဆိပ်ခံတံတားကို ယခုနှစ် စက်တင်ဘာလတွင်ပြီးစီးရန် ရည်မှန်းထားကြောင်း ကော့သောင်းခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးဦးသန့်ဇင်က ပြောသည်။


ဆိပ်ခံတံတားမှာ သံကူကွန်ကရစ် တံတားဖြစ်ပြီးအရှည် ပေ၂၀ဝ _ပေ ၅၀ အကျယ်ရှိကာချည်းကပ်လမ်း ၆၅ ပေ ရှိကြောင်း ဦးသန့်ဇင်က ပြောသည်။


ယင်တံတားပြီးစီးပါက လှေအဝင်အထွက်စစ်ဆေးမှုနှင့် အခွန်အခကောက်ခံမှု(Check Point) လုပ်ငန်းများဆောင်ရွက်ရာတွင် လွယ်ကူမြန်ဆန်ခြင်း၊ ဒေသခံ လှေကြီးလှေငယ်များ အချိန်မရွေးဆိုက်ကပ်နိုင်ခြင်း၊ ငါးနှင့် ကုန်တင်ကုန်ချလွယ်ကူမြန်ဆန်ခြင်း၊ ရေလုပ်သားနှင့် ဝန်ထမ်းများ အန္တရာယ်ကင်းကင်း လှေအတက်အဆင်းပြုနိုင်ခြင်းစသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း ဦးသန့်ဇင်က ပြောသည်။


လက်ရှိတွင် အစိုးရဌာနပိုင်ဆိပ်ခံ တံတားမရှိသဖြင့် အစိုးရက လိုအပ်သောစစ်ဆေးမှုများကို ဆိပ်ကမ်းသစ်သားတံတားငယ်များတွင်သာ သွားစစ်နေရသည်။


“လက်ရှိကဒီမှာ (ကော့သောင်းမှာ) ဌာနပိုင် အစိုးရတံတားမရှိဘူးလေ။ ဒီ တံတားကြီး တည်ဆောက်ပြီးရင် မြန်မြန်ဆန်ဆန် စစ်ဆေးနိုင်တာပေါ့လေ။ ဒေသခံ လှေလေးတွေလည်း ကပ်လို့ရတယ်လေ။ အဓိကကတော့ဟိုဘက် (ထိုင်း)နိုင်ငံကို သွားပြီးငါးသွားရောင်း မယ့်လှေတွေကို မြန်မြန်ဆန်ဆန်စစ် ပေးနိုင်တာပေါ့” ဟု ဦးသန့်ဇင်က ပြောသည်။


လက်ရှိတွင် ကော့သောင်းသို့ဆိုက်ကပ်သည့် ကမ်းနီးငါးဖမ်းလှေများမှာ Golden Panda ကုမ္ပဏီပိုင်ကမ်းဝေး လှေဆိပ်ခံတံတားတွင်ဆိုက်ကပ်နေရသဖြင့် လှေအတက်အဆင်းအန္တရာယ်များပြီး ထိုင်းနိုင်ငံသို့အချိန်မီငါးတင်ပို့နိုင်မှု နောက်ကျနေကြရကြောင်း ကော့သောင်းမြို့ခံတစ်ဦးက ပြောသည်။


အကယ်၍ အမြဲတမ်းဝင်ထွက်ဆိုက်ကပ်နိုင်သည့် လှေဆိပ်ခံတံတားပေါ်ပေါက်လာပါက ထိုင်းနိုင်ငံရနောင်းဈေး ချိန်အမီနံနက်စောစော ငါးသွားရောင်းနိုင်တော့မည်ဖြစ်သောကြောင့် ကမ်းနီးလှေလုပ်သားများအတွက်ပိုမို အဆင်ပြေလာမည်ဖြစ်ကြောင်း ယင်းမြို့ခံက ပြောဆိုသည်။