ရေမီတာတစ်ယူနစ် နှစ်ရာလျှော့ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များ သဘောတူ

0
477

မြိတ်မြို့တွင် ယခုလမှစ၍ ရေတစ်ယူနစ် နှစ်ရာလျှော့ကောက်ရန် ရေပေးဝေနေသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ သဘောတူခဲ့ကြောင်း စည်ပင်သာယာရေးကော်မတီနှင့် ရေစက်လုပ်ငန်းရှင်များ ထံမှသိရသည်။


ကိုဗစ်နိုင်တင်းကာလအတွင်း မေ၊ ဇွန်၊ ဇူလိုင် သုံးလအတွက် ရေတစ်ယူနစ်လျှင် နှစ်ရာကျပ်နှုန်းလျှော့ကာကောက်ယူရန် ပုဂ္ဂလိကရေပေးဝေရေး လုပ်ငန်းရှင်များနှင့် ညှိနှိုင်းသဘောတူခဲ့ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးမြတ်ကိုကိုက ပြောသည်။


“ကိုဗစ်ကလအတွင်း အလုပ်အကိုင် ရှားပါးနေချိန်လည်းဖြစ်သလို ဆီဈေးလည်းကျနေပြီ ဒါကြောင့် ရေဈေးကိုတော့ ချပေးသင့်တယ်လို့ မေတ္တာရပ်ခံခဲ့တယ်” ဟု ၎င်းကပြောသည်။


နွေရာသီရေမောင်းချိန်ပိုကြာပြီး ဒီဇယ်ဆီပိုကုန်သည်ဟု ရေပေးဝေသူအချို့က အကြောင်းပြခဲ့ကြသော်လည်း နောက်ဆုံးတွင် အားလုံးသဘောတူညီ လက်မှတ်ထိုးခဲ့ကြကြောင်း ဦးမြတ်ကိုကိုက ပြောသည်။


မြိတ်မြို့တွင် လက်ရှိပုဂ္ဂလိက ရေပေးဝေရေးလုပ်ငန်းရှင်များမှ တစ်ယူနစ်လျှင် ကျပ် ၁၀ဝ၀ မှ ကျပ် ၁၅၀ဝ အထိ ကောက်ယူနေကြကြောင်း ရေသုံးစွဲသူများက ပြောပြသည်။


ဆီဈေးနှုန်းကျနေသည်ဆိုသော်လည်း နွေရာသီတွင် ရေစက်ပိုမောင်းရသဖြင့် ဆီပိုကုန်ကြောင်း မြိတ်တောင်ကျေးရွာမှ ရေစက်လုပ်ငန်းရှင် ဦးသံချောင်းက ဆိုသည်။


“ဗိုင်းရပ်စ်ကိစ္စနဲ့ အစိုးရချမှတ်တဲ့ Plan ဆိုတော့လည်း ရေစက်ရှင်တွေ အကုန်လုံးတိုင်ပင်ပြီး မလျှော့မနေရ လျှော့ပေးလိုက်ပြီးပြီ” ဟု ၎င်းကပြောသည်။


ရေတစ်ယူနစ်နှစ်ရာကျပ်လျှော့ရန် မေလ ၇ ရက်နေ့ကသဘောတူခဲ့ပြီး မေလ ၁၀ ရက်နေ့စွဲဖြင့် ကောက်ခံသည့်ဖြတ်ပိုင်းတွင်မူ ယခင်နှုန်းထား တစ်ထောင့်ငါးရာကျပ်ဖြင့် တွက်ချက်ထားလျက်ရှိနေသေးကြောင်း မြို့သစ် ၃ ရပ်ကွက်နေ ရေသုံးစွဲသူ အချို့ကပြောပြသည်။


ပုဂ္ဂလိကလုပ်ငန်းရှင်များမှ တစ်ယူနစ်နှစ်ရာကျပ်လျှော့သလို စည်ပင်သာယာရေးအဖွဲ့မှ ပေးဝေနေသည့် လုပ်ငန်းတွင်လည်း မူလတစ်ယူနစ် ကျပ် ၈၀ဝ မှ ကျပ် ၆၀ဝ သို့ လျှော့ခဲ့ကြောင်း ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောပြသည်။


မြိတ်မြို့တွင် လက်ရှိအချိန်၌ လိုင်စင်ဖြင့်လုပ်ကိုင်နေသည့် ရေပေးဝေရေးလုပ်ငန်း လေးဆယ်ဝန်းကျင်ရှိနေပြီး လိုင်စင်မရှိသည့် တစ်နိုင်တစ်ပိုင်လုပ်ငန်းများကိုလည်း စာရင်းကောက်နေကြောင်း ဦးမြတ်ကိုကိုက ဆိုသည်။