စက်သုံးဆီဈေး တက်ရိပ်ပြ

0
879

ကိုရိုနာဗိုင်းရပ်စ်ဂယက်စတင် ရိုက်ခတ်ကတည်းက ကျဆင်းနေသော စက်သုံးဆီဈေးသည် မေလ ဒုတိယအပတ်တွင်မူ အနည်းငယ်တက်ရိပ်ပြလာနေကြောင်း ထားဝယ်မြို့ရှိ စက်သုံး ဆီရောင်းဆိုင်အချို့ထံမှ သိရသည်။


လက်ရှိ စက်သုံးဆီဝယ်ဈေး တစ်လီတာကို ၁၅ ကျပ်ခန့်မြင့်တက်နေပြီဖြစ်ကြောင်း စက်သုံးဆီဆိုင်ပိုင်ရှင် အချို့က ပြောသည်။


“အခုက ဈေးကစားနေကြတာလေ။ ဘယ်လောက်အထိ တက်မယ်။ ကျမယ်ဆိုပြီး မပြောနိုင်ဘူး။ တက်လာမယ်လို့တော့ ခန့်မှန်းနေကြတယ်” ဟု ထားဝယ်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်မှ မန်နေဂျာတစ်ဦးက ပြောသည်။


ထားဝယ်မြို့၏ လက်ရှိစက်သုံးဆီဈေးနှုန်းမှာ အောက်တိန်း တစ်လီတာလျှင် ကျပ်လေးရာဝန်းကျင်မှ ကျပ်ငါးရာဝန်းကျင်တွင်ရှိနေပြီး ဒီဇယ်ဈေးနှုန်းမှာ တစ်လီတာ ကျပ်ခြောက်ရာ ဝန်းကျင်တွင်ရှိနေကြောင်း ထားဝယ်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင်အချို့ထံမှ သိရသည်။


ယင်းဈေးနှုန်းသည် ပါဆယ်လက်ဖက်ရည်တစ်ခွက်၊ ၂၀ လီတာဆန့် သောက် ရေသန့်တစ်ဘူးဈေးနှုန်းထက်ပင် လျော့နည်းသည်။


ထားဝယ်မြို့တွင် လက်ရှိပါဆယ် လက်ဖက်ရည်တစ်ခွက်ကို ကျပ်ငါးရာမှ ကျပ်ခြောက်ရာအကြား ပေးဝယ်နေရပြီး ၂၀ လီတာဆန့် သောက်ရေသန့် တစ်ဘူးမှာလည်း ကျပ်ငါးရာမှ ကျပ်ခြောက်ရာအကြားတွင် ရှိသည်။

ကျော်သူစိုး