ပြန်ရနိုင်မလား

0
458

မနေ့က ရွာအလယ်က ကျွန်မငယ်ငယ် ကတည်းက ရှစ်တန်းအထိတက်ခဲ့တဲ့ စာသင်ကျောင်းအနားရောက်တယ်။

ကျောင်းဝင်းက အရင်နဲ့မတူ အတော် လေး ကွာခြားသွားတာပဲ။ အရင်က အလယ် တန်းကျောင်းခွဲလေးက အခုအထက်တန်း ကျောင်းခွဲဖြစ်နေတာက အစပေါ့လေ။
အင်းလေ… နှစ်တွေလည်း ကြာခဲ့ပြီပဲ။

ကျောင်းဝင်းကို သေချာကြည့်မိတော့ စာသင်ဆောင်၊ ဝန်ထမ်းဆောင်၊ မူကြိုဆောင်၊ ရေတွင်း၊ ရေစင်၊ အခန်းဆက်အိမ်သာတွေ အပြင် အမှိုက်မီးရှို့အဆောင်တွေ စသဖြင့် အဆောက်အအုံတွေ အစီအရီနေရာယူထား တာ တစ်ဝင်းလုံးအပြည့်ပါပဲ။ ကျောင်းရှေ့ နားလေးက စုရပ်ကွင်းလေးတောင် မနည်း ချန်ယူထားပုံပါပဲ။

အထက်တန်းကျောင်းလေး ဖြစ်လာ တာနဲ့အမျှ တိုးပွားလာတဲ့ ရွာနဲ့ ရွာနီးနား ချင်းက ကျောင်းသားဦးရေအတွက် အဆောက်အဦတွေ တိုးဆောက်ရင်း ဒီလို ပြည့်ကျပ်သွားတယ် ထင်ပါရဲ့။

ကျောင်းကြီးကိုကြည့်ပြီး မွန်းကျပ် လိုက်တာ။

ကျွန်မတို့ ကျောင်းတက်တုန်းက အချင်းချင်း ကျီစယ်ပြီး အသီးတွေ အပြိုင် လုစား၊ ရှာစားခဲ့တဲ့ ကျောင်းနောက်က သီးပင်စားပင်တွေတော့ မတွေ့ရတော့ဘူး။ ကျောင်းသားတိုင်း အပင်တစ်ပင်စီကျ ယူဆောင်ပြီး စိုက်ပျိုးခဲ့တဲ့ စိမ်းစိမ်းစိုစို ကျောင်းဥယျာဉ်ငယ်လေးတွေ၊ ကျောင်းသား တွေ စုပေါင်းဘောလုံးကန်ခဲ့တဲ့ နေရာနဲ့ အခြားကစားလို့ရတဲ့ နေရာအလွတ်တွေ တစ်ခုမှ မတွေ့ရတော့။

အရင်က ရှေးလက်ရာ ကျောင်းကြီး ဟာ အခုတော့ အုတ်၊ အင်္ဂတေတွေနဲ့ အခိုင်အမာ ဆောက်လုပ်ထားတဲ့ အဆောက် အအုံတွေ၊ များပြားလှတဲ့ အဆောင်တွေကြား တစ်ဆောင်နဲ့ တစ်ဆောင် ဆက်သွယ်ပေး တဲ့ လူကူးလမ်းလေးနဲ့ နေရာအလွတ်ဆိုတာ မရှိလောက်အောင်ပါပဲ။

ဒါကို တိုးတက်တယ်လို့ ခေါ်နိုင် လား။ ဖွံ့ဖြိုးတိုးတက်ခြင်းဆိုတာကလည်း ပြောဆို ဆွေးနွေးရမယ်ဆို ကျယ်ပြောလှ တယ် မဟုတ်လား။

ကျောင်းဝင်းကြီးကို ကြည့်ပြီး တစ်ခုခု ကို ဆုံးရှုံးသွားသလို၊ လွမ်းသလိုလိုမျိုး ခံစားချက်က တမျိုးကြီးပဲ။

တစ်ခုခုဆို စူးစမ်းစိတ်အပြည်နဲ့ အသစ်အဆန်းတွေကို သဘောကျပြီး စာသင်ချိန်အားရင် အားသလို တချိန်လုံး ဆော့နေတဲ့ မူလတန်းကျောင်းသားလေးတွေ။

ကျောင်းဝင်းထဲက နေရာလွတ်တွေမှာ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွင်ရွင် ဆော့ခဲ့တဲ့ ကလေးတွေ

ရယ်သံတွေ။ ကျွန်မတို့ စိုက်ခဲ့တဲ့ အပင်လေးတွေ။

ခိုလှုံဖူးတဲ့ သစ်ပင်အရိပ်အေးအေးတွေ။ အားလုံးဟာ ကျွန်မအာရုံထဲမှာ လတ်ဆတ်နေဆဲ။ ကိုယ်ကို ဖြတ်တိုးသွားတဲ့ နွေလေပူပူကြားမှာတောင် ရင်ထဲကြည်နူး အေးမြမှုကို ခံစားရဆဲ။

ဒီလို အဆောက်အအုံတွေနဲ့ ကြပ်ခဲနေ တဲ့ ကျောင်းဝင်းထဲမှာ ကလေးတွေ ဘယ်လိုများ သဘာ၀နဲ့ ထိတွေ့ခွင့်ရမလဲ။ လွတ်လပ်မှုကို ဘယ်လို ခံစားခွင့်ရမလဲ။ ကိုယ်စိုက်တဲ့ အပင်လေးတွေကို ကြည့်ပြီး ကြည်နူးရတဲ့ ခံစားမှုကို သူတို့ ရကြရဲ့လား။

ကျောင်းကြီးကို ကြည့်ပြီး အတွေးတွေက ဆင့်ကာ ဆင့်ကာ။

ပြီးတော့ စိတ်ကူးယဉ်တယ်ပဲပြောပြော တောင်းဆိုချင်တဲ့ ဆန္ဒတစ်ခု ဖြစ်လာတယ်။

လွတ်လပ်စွာ ဆော့ကစားခဲ့တဲ့ နေရာလွတ်တွေ၊ သစ်ပင်ရိပ် အေးအေးတွေ။ ကျွန်မတို့ စိုက်ခဲ့တဲ့ အပင်လေးတွေ။ အဲဒါတွေ ပြန်ရနိုင်မလား။

မယ်ဖြိုး