ထိုင်းမှလာမည့် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများကို အပြစ်ပေးမည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

0
396

ကိုဗစ်ရောဂါ ကပ်ဘေးဆိုက်ကာလအတွင်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားမဝင်နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်လာမည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အပြစ်ဒဏ်ပေးမည်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။


မေလ ၅ ရက်ကပြုလုပ်ခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်၊ မွန်၊ တနင်္သာရီ ဝန်ကြီးချုပ်တို့၏ COVID-၁၉ ဆိုင်ရာအပြန်အလှန်ဆွေးနွေးခြင်းအစီအစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။


“အမေတို့မူကတော့ တရားဝင်သွားတာပဲဖြစ်ဖြစ် တရားမဝင်သွားတာပဲဖြစ်ဖြစ် အားလုံးပြန်လက်ခံမှာပဲ။ ကိုယ့်နိုင်ငံသားတွေဆိုရင် အားလုံးပြန်လက်ခံမှာပဲ။ နောက်ပြီးတော့ ဒီဟာနဲ့ပတ်သက်လို့လည်း ဒဏ်ပေးတာတို့၊ အပြစ်ပေးတာတို့ လုပ်မှာမဟုတ်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။


ပြန်လာကြသူများက သက်ဆိုင်ရာသို့ ယုံယုံကြည်ကြည်အသိပေးရန်အရေးကြီးပြီးအရေးယူမည်ကိုကြောက်ကာ အိမ်တွင်ခိုးမနေကြရန်နှင့် တရားဝင်ဝင်ရောက်များနှင့်တန်းတူ ကျန်းမာရေးစောင့်ရှောက်မှုပေးသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။


“အရေးယူမှာစိုးရိမ်ပြီးတော့ အသိမပေးဘူးဆိုရင် အဲဒါကတော့အန္တရာယ် ရှိနိုင်တယ်။ ဒါ စောင့်ကြည့်ပေးလို့လည်း မရဘူး။ ကျန်းမာရေးအရ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာအောင်လုပ်ခိုင်းလို့လည်း မရဘူ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။


တနင်္သာရီတိုင်း၏ ကုန်းနယ်နိမိတ်တစ်ခုလုံးက ထိုင်းနိုင်ငံနှင့် ထိစပ်နေပြီး တနင်္သာရီတိုင်းသားများက ထိုင်းသို့ တရားမဝင်/ဝင်ထွက်သွားလာရောင်း ဝယ်ဖောက်ကားခြင်း၊ အလုပ်လုပ်ကိုင်ခြင်းမှာ ခေတ်အဆက်ဆက်ကတည်းက ရှိနေခဲ့ပြီးဖြစ်သည်။


ယင်းသို့ ခိုးဝင်ခိုးထွက်မှုကိုဖမ်းဆီးတွေ့ရှိပါက လူကုန်တားဥပဒေ၊ လဝက ဥပဒေတို့ဖြင့်အရေးယူလေ့ရှိပြီး အဓိကအားဖြင့် ထိုင်းဘက်ကဖမ်းဆီးအရေးယူမှု ပိုများသည်။


ကိုဗစ်ကပ်ဘေးကာလအတွင် နယ်စပ်မှတရားမဝင်ခိုးဝင်လာသူ မျှော်မှန်းထားသလောက်မရှိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောဆိုသည်။


“ကနဦးတွင်တရားမဝင်ဝင်လာတဲ့ လူဦးရေများလိမ့်မယ်လို့ ကျွန်တော်တို့စိုးရိမ်ပါတယ်။ သို့သော်လည်းပဲ တကယ်ဝင်လာတဲ့အခါကျတော့ အရေအတွက်အားဖြင့်တော့ ကျွန်တော်တို့စိုးရိမ်သလောက်တော့ အများကြီးဝင်တာမျိုးတော့ မရှိပါဘူး” ဟုဦးမြင့်မောင်က ပြောသည်။
ယင်းသို့ တရားမဝင်ဝင်လာသူများကိုလည်း ရောဂါစောင့်ကြည့်ရေးစခန်းများတွင် လက်ခံစောင့်ကြည့်နေကြောင်း ဦးမြင့်မောင်က ပြောသည်။


ထိုင်းသို့ တရားမဝင်ဝင်ထွက်သွားလာသူများအသုံးပြုလေ့ရှိသည့် လမ်းကြောင်းတစ်ခုဖြစ်သော ကော့သောင်း-ထိုင်းနယ်ခြား ပါချန်မြစ်တစ်လျှောက်တွင်လည်း ပါချန်မြစ်ကမ်းနေရွာသားများမှအပ အခြားဒေသသို့သွားမည့်သူများခိုးဝင်လာမှု လတ်တလောကိုရိုနာကာလ အတွင်းမတွေ့ရှိကြောင်း ပါချန်မြစ်ကမ်း မာရမ်းရွာနေ ဒေါက်တာဘိုဘိုမင်းက ပြောသည်။


“ရွာသားတွေကလွဲပြီး အခြားလူတွေခိုးဝင်လာတာ မရှိသေးဘူး။ ရွာသားတွေဝင်လာရင်လည်း စောင့်ကြည့်ရေး စင်တာမှာထားပြီး စောင့်ကြည့်ပါတယ်” ဟု ဒေါက်တာဘိုဘိုမင်းက ပြောသည်။