ကော့သောင်းတွင် မေလအတွက် လျှပ်စစ်တစ်ယူနစ် ကျပ် ၃၀ဝ ထက်မပို

0
307

ကော့သောင်းမြို့တွင် မေလအတွက် လျှပ်စစ်ဓာတ်အားခတစ်ယူနစ် ကျပ် ၃၀ဝမှ ကျပ်၃၀ဝ အောက်ကောက်ခံရန် သဘောတူညီချက်ရရှိထားကြောင်း ကော့သောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောကြားသည်။


မေလ၃ရက်နေ့က ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ပြုလုပ်ခဲ့သည့် ကော့သောင်းမြို့၌ လျှပ်စစ်ဓာတ်အားခနှုန်းထားလျှော့ချ ကောက်ခံနိုင်ရေး အစည်းအဝေးတွင် ကော့သောင်းတွင်မီးပေးနေသည့် KDDPC (ပါချန်ကော့သောင်း ဒေသလုံးဆိုင်ရာ လျှပ်စစ်ထုတ်လုပ် ဖြန့်ချိရေးနှင့် အထွေထွေဖွံ့ဖြိုးရေးအများ နှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်) က ယင်းသို့ ညှိနှိုင်းသဘောတူခဲ့ကြောင်း ဦးဇော်လင်းထွန်းက ပြောသည်။


“ဒီ(မေ)လအတွက်တော့ ဆီဈေးကကျသွားပြီဖြစ်တယ်။ ဖြစ်တဲ့အတွက်ကို (တစ်ယူနစ်) ၃၀ဝကျပ်နဲ့ အောက်ကိုကျအောင်လို့ ခေါ်ပြီးမှအစည်းအဝေးထိုင်တာ ဖြစ်တယ်။ ဒီလကတော့ဆီဈေး လည်းကျနေတယ်။ အဲဒီအတွက် ကျပ် ၃၀ဝ ထက်တော့လုံးဝ ကျော်လို့မရဘူး။ ၃၀ဝ အောက်ကျရင်ကျ အဲလိုပုံစံမျိုးပါ” ဟု ဦးဇော်လင်းထွန်းက ပြောသည်။


KDDPC က ဧပြီလအတွက် လျှပ်စစ်နှုန်းထားကို တစ်ယူနစ် ၃၄၀ ကျပ် ကောက်ခံခဲ့ပြီး ကိုရိုနာရောဂါကပ်ဆိုက် ကာလဖြစ်သည့်အတွက်ဟုဆိုကာ အိမ်သုံးမီတာများကို တစ်ဆယ်ယူနစ် အခမဲ့သုံးစွဲခွင့်ပြုခဲ့သည်။


မေလအတွက်ယင်းသို့ ယူနစ်အခမဲ့ သုံးစွဲခွင့်မည်မျှခွင့်ပြုမည်ကိုမူ ထပ်မံညှိနှိုင်းသွားမည်ဟု ကော့သောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောသည်။


“မေလအတွက် (ယူနစ်လျှော့ပေး ဖို့) ကျန်တဲ့တိုင်းနဲ့ ပြည်နယ်ပုံစံမျိုးတော့ ကျွန်တော်တို့ ပြန်ညှိပေးရမှာပေါ့ ခင်ဗျ။ အလုံးစုံ မတူရင်တောင်မှဒါစက်မြို့ (ဒီဇယ်စက်ဖြင့် မီးပေးသည့်မြို့) ဖြစ်နေတော့လေ၊ အတတ်နိုင်ဆုံးအနီးစပ်ဆုံးတော့ လျှော့ချဖို့အတွက်ကျွန်တော်တို့ ညှိမှာပါခင်ဗျ” ဟုဦးဇော်လင်းထွန်းက ပြောသည်။


KDDPC သည် ကော့သောင်းမြို့ သုံးပုံနှစ်ပုံခန့်ကို လျှပ်စစ်မီးဖြန့်ဖြူးနေသည်။
ကော့သောင်းတွင် KDDPC အပြင် ဖိုးသီးချိုလျှပ်စစ်ဝန်ဆောင်မှုလုပ်ငန်းကလည်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေရာ ဖိုးသီးချိုကိုမူ မီးပေးသည့်မီတာ နည်းသည့်အတွက် ခေါ်ယူညှိနှိုင်းခြင်းမျိုးမလုပ်ဖြစ်ကြောင်း ဦးဇော်လင်းထွန်း က ပြောသည်။


ကော့သောင်းမြို့၏ ၃ပုံ၁ပုံခန့်နှင့် ခမောက်ကြီးမြို့တို့ကို မီးပေးနေသည့် ဖိုးသီးချိုကုမ္ပဏီကမူ ဧပြီလအတွက် တစ်ယူနစ် ၉ ဘတ် ကောက်ခံခဲ့သည်။


မေလအတွက်ကိုမူ ဆီဈေးအတက်အကျပေါ်မူတည်ကာ ကောက်ခံသွားမည်ဖြစ်ပြီး လက်ရှိတွင်ဆီဈေးဘောင်ချာများ မထွက်လာသေးသည့်အတွက် ကြိုမပြောနိုင်သေးကြောင်း ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာ ဒေါက်တာဝင်းထိန်က ပြောသည်။