ထိုင်းမှ ပြည်တော်ပြန်များ ကော့သောင်းလမ်းမှ ပြန်ခွင့်ရရန်မရေရာ

0
368

ထိုင်းတွင် အကျဉ်းကျခံရပြီးနောက် မြန်မာနိုင်ငံပြန်ခွင့်ရပြီးသည့် ရနောင်းအချုပ်သို့ ရောက်နေသူများနှင့် ရနောင်းခရိုင်တွင်အလုပ်လုပ်ပြီး မြန်မာပြည်ပြန်လိုသည့် သာမန်ရွှေ့ပြောင်းအလုပ်သမားများ ရနောင်း-ကော့သောင်းလမ်းမှ ပြန်လာနိုင်ရန် မရေရာသေးပေ။


အထက်ပါ ရွှေ့ပြောင်းအလုပ်သမားများကို မြန်မာဘက်သို့ပြန်ခွင့်ပြုရန် ထိုင်းအာဏာပိုင်များဘက်က အဆင်သင့်ဖြစ်နေပြီဖြစ်သည်။


သို့သော် မြန်မာဘက်ကလက်ခံရန် အမိန့်မကျသေးကြောင်း ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူးဦးဇော်လင်းထွန်းက ပြောသည်။


“ပြန်လာဖို့အတွက်ကို နေရာပြင်ဆင်ထားတာ တွေတော့ရှိတယ်။ ဒါပေမယ့် ဒီဟာက အောက်ခြေ (မြို့နယ် အဆင့်) နဲ့လွှတ်လို့ မရဘူးလေ။ ကိုဗစ်နိုင်တီးကာလဖြစ်တဲ့အတွက် အစိုးရအချင်းချင်း ချိတ်ဆက်ပြီးတော့ တရားဝင်လွှဲပြောင်း ပေးရမယ်။ ကျွန်တော်တို့အဲဒီဟာလေးကို စောင့်နေတာပါ” ဟု ဦးဇော်လင်းထွန်းက ပြောသည်။


ရနောင်းအချုပ်ထောင်တွင် မြန်မာပြည်ပြန်ခွင့်ရ မြန်မာရွှေ့ပြောင်းလုပ်သား ၁၈၁ဦးရှိနေကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေသည့် ရနောင်းမြို့အခြေစိုက် မိတ္တသဟာရနာရေး ကူညီမှုအသင်း (ရနောင်းမြို့) ၏ တာဝန်ခံကိုသားကျော်က ပြောသည်။


ယင်းအပြင် ရနောင်းခရိုင်တွင် ကိုရိုနာကာလအတွင်း အလုပ်အကိုင်နှင့် နေထိုင်စားသောက်ရေး အဆင်မပြေတော့သဖြင့် ရနောင်း-ကော့သောင်းလမ်းမှ ပြန်ခွင့်ရပါက မြန်မာပြည်ပြန်ရန်စာရင်း ပေးထားသူ ၁၅၀ ဦးကျော်ရှိကြောင်း ကိုသားကျော်က ပြောသည်။


လက်ရှိတွင်ထိုင်းမှ မြန်မာနိုင်ငံပြန်လိုသည့် ရွှေ့ပြောင်းလုပ်သားများကို မဲဆောက်-မြဝတီနယ်စပ်ဂိတ်မှ ပြန်တော်ပြန်ခွင့် ပြုနေသည်။


တနင်္သာရီတိုင်းသားများဆိုပါက ရနောင်း-ကော့သောင်းလမ်းမှ လာခွင့်ရလျှင်အချိန်တိုတိုနှင့် ငွေကုန်သက်သာမည့်လမ်းဖြစ်သဖြင့် ရနောင်း-ကော့သောင်းလမ်းကို အစိုးရအနေနှင့် အမြန်ခွင့်ပြုသင့်ကြောင်း ဒေသခံအချို့က ပြောဆိုနေကြသည်။