မွန်ပြည်နယ်မှ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ဆေးရုံဆင်းခွင့်ရ

0
396

မွန်ပြည်နယ်မှ တစ်ဦးတည်းသော ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ (လူနာ အမှတ် ၂၇)သည် ယခုအခါ စစ်ဆေးမှုရလဒ်အရ ရောဂါပိုးမတွေ့ရှိတော့သည့်အတွက် ဧပြီလ ၇ ရက်နေ့က ဆေးရုံမှဆင်းခွင့်ရသည်။


လူနာအမှတ် ၂၇ သည် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာဖြစ်ကြောင်း ဧပြီလ ၁၀ ရက်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး မော်လမြိုင်ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူခဲ့သည်။


ဆေးရုံမှ ဆင်းပြီးနောက် နေအိမ်ခြေချုပ်အနေဖြင့် နှစ်ပတ်ဆက်လက်နေ ထိုင်ရမည်ဖြစ်ပြီး ၎င်းနောက် လိုအပ်ပါက စစ်ဆေးမှုထပ်မံပြုလုပ်သွားမည်ဟု မော်လမြိုင်ဆေးရုံအုပ်က ပြောသည်။
“လူနာကလည်း ငယ်တဲ့အတွက် ကိုယ်ခံအားကောင်းတာပေါ့နော်။ အခြားရောဂါ ဥပမာ နှလုံးတို့၊ အဆုတ်တို့ အဲလိုမျိုး ရောဂါမရှိတော့ ကုရတာ ထိရောက်တာပေါ့နော်” မော်လမြိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်က ပြောသည်။


အသက် ၂၄ နှစ်အရွယ် အမျိုးသမီး လူနာအမှတ် ၂၇ သည် ကျိုက်မရောမြို့နယ်မှဖြစ်ပြီး အလုပ်လုပ်ရန် ထိုင်းနိုင်ငံသို့ တစ်လခန့်သွားရောက်နေထိုင်ခဲ့စဉ် ဗိုက်အောင့်ဝေဒနာခံစားရသည်။
ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူခဲ့သော်လည်း မသက်သာသဖြင့် မတ်လ ၂၀ ရက်က မြဝတီမှတစ်ဆင့် နေရပ်သို့ပြန်လာခဲ့သည်။


နေအိမ်တွင် အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူရာမှ ဗိုက်အောင့်ဝေဒနာ ထပ်မံခံစားရသည့်အတွက် ကျိုက်မရောဆေးရုံတွင်တက်ရောက်ပြီး ဧပြီ ၄ ရက်နေ့က ဓာတ်ခွဲနမူနာ စစ်ဆေးခဲ့သူ ဖြစ်သည်။

လူနာအမှတ် ၂၇ အနေဖြင့် ၎င်းကဲ့သို့ ရောဂါပိုးမကူးစက်ရအောင်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှု မဖြစ်ရအောင် အိမ်တွင်နေကြရန် တိုက်တွန်းနှိုးဆော်သွားသည်။


“ဒီလိုမျိုး ရောဂါမဖြစ်ရအောင် ရောဂါပိုးတွေမပြန့်ပွားအောင် အပြင်မသွားလာကြပါနဲ့။ ကိုယ့်အိမ်မှာပဲ နေပေးကြပါလို့ အခုဆေးရုံကဆင်းခွင့်ရတော့ ဝမ်းသာတယ်” ဟု လူနာအမှတ် ၂၇ က ပြောသည်။


မွန်ပြည်နယ်တွင် မေလ ၄ ရက်ထိ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၃၂၁ ဦးကို ဓာတ်ခွဲနမူနာစစ်ဆေးထားပြီး ရောဂါပိုးတွေ့ရှိသူ တစ်ဦးရှိကြောင်း၊ ၃၁၈ ဦးသည် ရောဂါပိုး မတွေ့ရှိကြောင်းနှင့် ကျန် ၃ ဦးအား အဖြေစောင့်ဆိုင်းဆဲဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဌာန ထံမှ သိရသည်။


မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မေလ ၇ ရက်နေ့ထိ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၁၆၁ ဦးရှိကာ ပြန်လည်သက်သာလာသူ ၅၀ ဦးနှင့် သေဆုံးသူ ၆ ဦး ရှိသည်။

ယဉ်စနိုင်း