ကိုဗစ်ဂယက်ကြားမှ သီလရှင်များ

0
367

ကိုဗစ်ဂယက်၏ အကျိုးဆက်ကို ဆန်အလှူခံထွက်နေသည့် သီလရှင်များလည်း ခံစားရသည်။
ဆန်အလှူခံထွက်ရာတွင် လှူနေကျ ဒကာ၊ ဒကာမအိမ်အချို့ပိတ်ထားခြင်း၊ ဆန်အရနည်းခြင်း၊ သီလရှင်တွင် ရောဂါပိုးရှိနိုင်သည်ဟု ပြောဆိုခြင်းများလည်း ကြုံတွေ့ရကြောင်း သီလရှင်အချို့က မိန့်သည်။


သီလရှင်များက ဥပုပ်နေ့မတိုင်မီ နှစ်ရက် (အဖိတ်နေ့အကြို၊ အဖိတ်နေ့)တို့တွင် ဆန်အလှူခံထွက်လေ့ရှိပြီး တစ်လလျှင် ရှစ်ရက်ဆန်အလှူခံထွက် လေ့ရှိသည်။


သီလရှင်အများစုက ကိုဗစ်ဂယက်ကြောင့် သင်္ကြန်မတိုင်မီကပင် ဆန်အလှူခံမထွက်တော့ဘဲ သီလရှင်အနည်းစုက ကဆုန်လပြည့်မတိုင်မီ အဖိတ်နေ့တွင်မှ အလှူခံစထွက်ကြသည်။


သို့သော် သီလရှင်အများစုကမူ အလှူခံမထွက်ကြသေးကြောင်း သီလရှင်အချို့က မိန့်သည်။
ထိုသို့အလှူခံထွက်ရာတွင် အလှူခံသူရော ဆန်လှူသူများရော နှာခေါင်းပိတ်တပ်ပြီး လှူလေ့ရှိသည်ဟု သီလရှင်များက မိန့်သည်။


ဆန်လှူရာတွင်လည်း ကိုဗစ်ကာလမတိုင်မီက ဇွန်းဖြင့်ခပ်ကာ လှူလေ့ရှိသည်။ သို့သော် လက်ရှိတွင် နို့ဆီဘူးတစ်ဘူးစာ ဆန်ထုပ်လှူဒါန်းသူများလည်းရှိလာကြောင်း ထားဝယ်မြို့၊ ဘုန်းကြီးပျံကုန်းရှိ သီလရှင်ကျောင်းမှ ဆရာလေးဒေါ်ယုစန္ဒာက မိန့်သည်။


ထို့အပြင် လှူနေကြအလှူရှင်အချို့က အိမ်တံခါးပိတ်ထားခြင်း၊ ဈေးဆိုင်ပိတ်ထားခြင်းများ ရှိနေသည့်အတွက် ဆန်အလှူခံရရှိမှုနည်းလာသည်ဟု ၎င်းက မိန့်သည်။


“ဆန်ခံထွက်ချိန်မှာ တချို့ဒကာမတွေက တံခါးမဖွင့်ပေးဘူး။ သူတို့ ကြောက်တာပေါ့” ဟု ဆရာလေးဒေါ်ယုစန္ဒာက မိန့်သည်။


ထိုသို့ အလှူခံထွက်ရာတွင် သီလရှင်ထံမှ ကိုရိုနာရောဂါပိုးကူးမည်ကို စိုးရိမ်သည့် ဒကာမအချို့ကိုလည်း ကြုံတွေ့ရကြောင်း ထားဝယ်မြို့ညောင်ရမ်းတောင်ရပ်ကွက်ရှိ သီလရှင်ကျောင်းမှ ဆရာလေးဒေါ်ဇေယျသိင်္ဂီက မိန့်သည်။


“အချို့ဆိုရင် သီလရှင်တွေမှာ ရောဂါပိုးပိုများတယ်လို့ ပြောတယ်” ဟု ၎င်းက မိန့်သည်။


အလှူခံမထွက်သည့် အပတ်များတွင် ဆွမ်းအခက်အခဲရှိကြောင်း ဆရာလေးများက မိန့်သည်။
လက်ရှိတွင် ကိုဗစ်ဂယက်ကြောင့် သီလရှင်ဆရာလေးအချို့ ဆွမ်းအခက်အခဲကြုံရသော်လည်း ဘုန်းတော်ကြီးကျောင်းအများစုကမူ အခက်အခဲမရှိသေးကြောင်း ရဟန်းသံဃာတော်အချို့က မိန့်သည်။


ဘုန်းတော်ကြီးကျောင်းအများစုတွင် အပတ်စဉ် သို့မဟုတ် နေ့စဉ်ဒေသအခေါ် ဆွမ်းပုံး(ဆွမ်းအလှည့်) လှူနေသည့် အိမ်များရှိခြင်းကြောင့် လက်ရှိတွင် အခက်အခဲမတွေ့ရသေး သော်လည်း ဒေသအတွင်းကိုဗစ်လူနာတွေ့လာပါက အခက်အခဲကြုံတွေ့လာနိုင်သည်ဟု သံဃာတော်များက မိန့်သည်။


ထားဝယ်ဒေသတွင် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းရာချီရှိပြီး စာသင်တိုက်များလည်း ရှိသည်။

ကိုဇော်