ရေဖြူတွင် မိုင်းနင်းမိမှုထပ်ဖြစ်၊ ဒေသခံတစ်ဦး ခြေထောက်တစ်ဖက်ပြတ်

0
562

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီးတွင် ဒေသခံတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားသည်ဟု အလယ်စခန်းကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။


အလယ်စခန်းကျေးရွာမှ ၃ မိုင်ခန့်ဝေးသည့် ဒေသအခေါ် ကြောင်လျှာကွင်း ဒေသတွင် မေလ ၄ ရက်နေ့ မွန်းလွဲတစ်နာရီအချိန်ခန့်က ခြံမှပြန်လာသည့် ဟံဂံရွာခံ နိုင်ထွန်းဆိုသူသည် လမ်းပေါ် တွင် မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားသည်ဟု သိရသည်။


“မိုင်းနင်းမိတဲ့လူက ဟံဂံက ဒီမှာ (အလယ်စခန်း) ခြံလာလုပ်နေကြတယ်။ ခြံကနေအပြန် လူသွားလမ်းပေါ်မှာပဲ နင်းမိတယ်။ အဲနေရာတစ်ဝိုက်မှာပဲ ၂၀၁၉ တုန်းကလည်း တစ်ကြိမ် မိုင်းနင်းမိတာ ရှိခဲ့တယ်” ဟု အလယ်စခန်းကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်တင်စန်းက ပြောသည်။


ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီးတစ်ဝိုက်တွင် ပြီးခဲ့သည့် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်အတွင်းက ဒေသခံတို့ လုပ်ကိုင်စားသောက်နေသည့် ဥယျာဉ်ခြံ၊ ဒေသခံတို့သွားလာနေသည့် လမ်းပေါ်တွင် မြေမြှုပ်မိုင်းနင်းမိမှု ၈ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး လူထိခိုက် ဒဏ်ရာရရှိမှုလည်း ရှိခဲ့သည်။


၂၀၂၀ ခုနှစ်အတွင်း၌လည်း အလယ်စခန်းနှင့် အလှမ်းဝေးသည့် မျောက်ချောကျေးရွာနှင့် ကလယ်ကျေးရွာဘက်တွင် မြေမြှုပ်မိုင်းနင်းမိမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသခံနှစ်ဦး ခြေထောက်တစ်ဖက်စီ ဖြတ်ပစ်ခဲ့ရသည်။


၎င်းပြင် မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်တည်ရှိရာ ရေးချောင်းဖျားဒေသဘက်တွင်လည်း မတ်လအတွင်းက မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒေသခံတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်လည်း ရှိခဲ့သည်။


မိုင်းနင်းမိနေသည့်ဒေသမှ ဒေသခံအများစုသည် ခြံကိုသာလုပ်ကိုင်ကြပြီး ယခုလိုခြံသွားရင်း မြေမြှုပ်မိုင်းနင်းမိနေသည့်အပေါ် စိုးရိမ်ကြောက်ရွံ့နေကြသည့်အပြင် ခြံလုပ်ကိုင်ရန်လည်း အခက်အခဲရှိနေသည်ဟု ဒေသခံတို့က ပြောသည်။


“မိုင်း ခဏခဏ နင်းမိနေတော့ ခြံမသွားရဲကြတော့ဘူး။ ဒီမှာက ခြံပဲ လုပ်စားကြတယ်လေ။ ခြံမသွားရဲကြလို့ ခြံမလုပ်ကိုင်ရဘူးဆိုရင် ဘာမှလုပ်စားလို့ မရဘူး။ ဒီအချိန်ကလည်း ခြံခုတ် ခြံရှင်းရမယ့်အချိန် အကုန်လုံးက အခက်အခဲဖြစ်ကုန်တာပေါ့” ဟု အလယ်စခန်း ကျေးရွာခံတစ်ဦးက ပြောသည်။


မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားနေသည့်ဒေသသည် မွန်ပြည်သစ်ပါတီ (NMSP) နှင့် ကရင်အမျိုးသားအစည်း အရုံး (KNU) တပ်ဖွဲ့တို့ လှုပ်ရှားသွားလာနေသည့် ဒေသဖြစ်ပြီး နှစ်ဘက်တပ်ဖွဲ့ အကြား နယ်မြေအငြင်းပွားမှုဖြစ်ပွားနေသည့် ဒေသလည်းဖြစ်သည်။


“မွန်ဘက်ကလည်း မွန်နေရာလို့ ပြောတယ်။ သူတို့ (KNU) ဘက်ကလည်း သူတို့နေရာလို့ ပြောတယ်။ နှစ်ဘက်နယ်စပ်အကြား အဲလိုဖြစ်နေတယ်။ပြောရမယ်ဆိုရင် သူလား ငါလားပေါ့ မွန်နဲ့ ကရင်အကြားမှာ နယ်မြေတိတိကျကျ ခွဲခြားသတ်မှတ်ထားတာ မရှိဘူး” ဟု မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဥက္ကဋ္ဌ နိုင်ထောရော့က ပြောသည်။


အဆိုပါဒေသတွင် ယခင်က မြေမြှုပ်မိုင်းနင်းမိသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းမရှိဘဲ KNU နှင့် မွန်ပြည်သစ်ပါတီတို့အကြား နယ်မြေအငြင်းပွားမှုဖြစ်ပွားပြီးနောက်ပိုင်းမှသာ ဖြစ်ပေါ်လာသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။


မြေမြှုပ်မိုင်းကိစ္စနှင့် ပတ်သက်ပြီး ၎င်းတို့ထောင်ထားခြင်းမဟုတ်ကြောင်း မွန်ပြည်သစ်ပါတီဘက်က ငြင်းဆိုထားသလို KNU ဘက်ကလည်း ၎င်းတို့ ထောင်ထားသည့်မိုင်းမဟုတ်ကြောင်း ငြင်းဆိုထားသည်။


ရေဖြူမြို့နယ်အတွင်း ဖြစ်ပွားနေသည့် မြေမြှုပ်မိုင်းကိစ္စကို ဖြေရှင်းနိုင်ရန် မွန်ပြည်သစ်ပါတီဘက်က အစိုးရနှင့်ရော KNU နှင့်ပါ ညှိနှိုင်းဆွေးနွေးနေသော်လည်း ယနေ့ထိတစ်စုံတစ်ရာ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပေ။