နှာခေါင်းပိတ်မတပ်က ထိထိရောက်ရောက် အရေးယူတော့မည်ဟုဆို

0
912
Mask
နှာခေါင်းပိတ်မတပ်က ထိထိရောက်ရောက် အရေးယူတော့မည်ဟုဆို

လမ်းထွက်ချိန် နှာခေါင်းပိတ်မတပ်ပါက ထိထိရောက်ရောက် အရေးယူတော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။

နှာခေါင်းပိတ်မတပ်သူများကို မေလ ၈ ရက်နေ့က စတင်ကာ မြို့နယ်အလိုက် ထိထိရောက်ရောက် အရေးယူတော့မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

နှာခေါင်းပိတ်မတပ်ပါက ဖမ်းဆီးပြီး ကျပ်ငါးထောင်နှင့် ညီမျှသည့် Mask (နှာခေါင်းပိတ်) များ ပြန်ပေးမည့်ပုံစံဖြင့် အရေးယူမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။

အပြင်ထွက်ချိန် နှာခေါင်းပိတ်မတပ်ပါက အရေးယူမည့်အကြောင်းကို ဧပြီလအစောပိုင်းတွင် စာထုတ်ညွှန်ကြားခဲ့သည်။ထိုသို့ စာထုတ်ပြီးအချိန်က လိုက်နာသူများခဲ့သော်လည်း နောက်ပိုင်းတွင် အများစုက လိုက်နာမှုမရှိကြတော့ပေ။

ထိုအချိန်က ဖမ်းဆီးကြပ်မတ်ခြင်းကို ရက်ပိုင်းသာ ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။

နှာခေါင်းစည်းမတပ်သူများကို စတင်အရေးယူ

ယင်းသို့သောအခြေအနေတွင် နှာခေါင်းပိတ်မတပ်ဘဲ အပြင်ထွက်က ထိထိရောက်ရောက်အရေးယူတော့မည့်အကြောင်း မေလ ၇ ရက်နေ့တွင် ထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ဒီငွေတွေကို သူဒုက္ခရောက်ပါစေတော့ဆိုပြီး ဒဏ်ငွေလိုချင်လို့ မဟုတ်ဘူး၊ ကျွန်တော်တို့ အစိုးရရဲ့ ရည်ရွယ်ချက်က လူတိုင်း Mask တပ်စေချင်တဲ့ ရည်ရွယ်ချက်ပါ”ဟု ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။

ထားဝယ်မြို့အတွင်း နှာခေါင်းပိတ်မတပ်သူများကို အဖွဲ့လေးဖွဲ့ခွဲကာ ရွေ့လျားစနစ်ဖြင့် အရေးယူမည်ဖြစ်ပြီး ကျန်မြို့နယ်များတွင် အဖွဲ့သုံးဖွဲ့စီခွဲကာ အရေးယူမည်ဖြစ်ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။

ထိုသို့အရေးယူရာတွင် နှာခေါင်းပိတ်တစ်ခုလျှင် ငွေကျပ် ငါးရာ သတ်မှတ်ထားပြီး ဖောက်ဖျက်သူကို ဒဏ်ငွေငါးထောင် ပေးဆောင်စေကာ နှာခေါင်းပိတ် ဆယ်ခု ပေးလိုက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

နှာခေါင်းပိတ်မတပ်က တုတ်ဖြင့်ရိုက်ခြင်း၊ ထိုင်ထ လုပ်စေခြင်းကိုမူ လူ့အခွင့်အရေးနှင့် မကိုက်ညီသည့်အတွက် မပြုလုပ်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း လုံနယ်ဝန်ကြီးက ဆိုသည်။

တနင်္သာရီတိုင်းအတွင်းတွင် လက်ရှိအချိန်ထိ ကိုရိုနာရောဂါပိုးကူးစက်လူနာ မတွေ့သေးပေ။