နှာခေါင်းစည်းမတပ်သူများကို စတင်အရေးယူ

0
433

တနင်္သာရီတိုင်းဒေသကြီးတွင် လမ်းထွက်ချိန် နှာခေါင်းစည်းမတပ် သူများကို မေလ ၈ ရက်နေ့မှ စတင် အရေးယူလျက်ရှိသည်။

အပြင်ထွက်ချိန် နှာခေါင်းစည်း မတပ်ပါက အရေးယူမည့်အကြောင်းကို ဧပြီလအစောပိုင်းတွင် စာထုတ်ညွှန် ကြားခဲ့သည်။ ထိုသို့ စာထုတ်ပြီးစ အချိန်က လိုက်နာသူများခဲ့သော်လည်း နောက်ပိုင်းတွင် အများစုက လိုက်နာမှု မရှိကြတော့ပေ။

ထိုအချိန်က ဖမ်းဆီးကြပ်မတ်ခြင်း ကို ရက်ပိုင်းသာ ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။

ယင်းသို့သောအခြေအနေတွင် နှာခေါင်းစည်းမတပ်ဘဲ အပြင်ထွက်က ထိထိရောက်ရောက် အရေးယူတော့မည့် အကြောင်း မေလ ၇ ရက်နေ့တွင် ထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နှာခေါင်းစည်းမတပ်ပါက ဖမ်းဆီး ပြီး ကျပ်ငါးထောင်နှင့် ညီမျှသည့် Mask (နှာခေါင်းပိတ်) များ ပြန်ပေးမည့်ပုံစံဖြင့် အရေးယူမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။

“ဒီငွေတွေကို သူဒုက္ခရောက်ပါစေ တော့ဆိုပြီး ဒဏ်ငွေလိုချင်လို့ မဟုတ်ဘူး။ ကျွန်တော်တို့ အစိုးရရဲ့ ရည်ရွယ်ချက်က လူတိုင်း Mask တပ်စေချင်တဲ့ ရည်ရွယ်ချက်ပါ”ဟု ၎င်းက ဆိုသည်။

ထားဝယ်မြို့အတွင်း နှာခေါင်းစည်း မတပ်သူများကို အဖွဲ့လေးဖွဲ့ခွဲကာ ရွေ့လျားစနစ်ဖြင့် အရေးယူမည်ဖြစ်ပြီး ကျန်မြို့နယ်များတွင် အဖွဲ့သုံးဖွဲ့စီခွဲကာ အရေးယူမည်ဖြစ်ကြောင်း ထားဝယ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။

ထိုသို့အရေးယူရာတွင် နှာခေါင်းစည်း တစ်ခုလျှင် ငွေကျပ်ငါးရာ သတ်မှတ် ထားပြီး ဖောက်ဖျက်သူ ကို ဒဏ်ငွေငါး ထောင် ပေးဆောင်စေကာ နှာခေါင်းပိတ် ဆယ်ခု ပေးလိုက်မည်ဖြစ်ကြောင်း ၎င်း က ပြောသည်။

နှာခေါင်းစည်းမတပ်က တုတ်ဖြင့် ရိုက်ခြင်း၊ ထိုင်ထ လုပ်စေခြင်းကိုမူ လူ့အခွင့်အရေးနှင့် မကိုက်ညီသည့် အတွက် မပြုလုပ်ရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း လုံနယ်ဝန်ကြီးက ဆိုသည်။

တနင်္သာရီတိုင်းအတွင်းတွင် လက်ရှိ အချိန်ထိ ကိုရိုနာရောဂါပိုးကူးစက်လူနာ မတွေ့သေးပေ။

Dawei Watch