ကိုရိုနာညောင်ရေ

0
951
ယမန်နှစ်က ညင်းမော် ညောင်ရေသွန်းပွဲ

“ကဆုန်လ ညောင်ရေသွန်းပွဲ”ကဆုန်လပြည့်နေ့တိုင်း ဘုရားနှင့် ညောင်ပင်အား ရေသွန်းကြသည်က ရာစု နှစ်ချီခဲ့ပြီ။ ဗုဒ္ဓဘုရားရှင်၏ အသုံးအဆောင် ပရိဘောဂစေတီ ဗောဓိညောင်ပင် ရေသွန်း လောင်းပွဲက အရပ်ဒေသအသီးသီးတွင် ဆင်နွှဲသည့်ပွဲတော် ဖြစ်သည်။

အချို့က သူ့အရပ်နှင့်သူ့ဇာတ် ပျော်ပွဲ၊ ရွှင်ပွဲများထည့်သွင်းကျင်းပကြသည်။ အချို့ရပ်ရွာများတွင်ကား မိမိတို့ ရပ်ရွာ၏ ရာဇဝင်များ၊ ရိုးရာဓလေ့များကို ပုံဖော်ကြ၊ ကပြဖျော်ဖြေကြသည်။

ယခုတော့ အဖြစ်က မနှစ်ကနှင့်ပင် မတူတော့ပါ။ ကိုရိုနာရောဂါပိုးက ဖြစ်နေ၊ ရှိနေကျ ထုံးတမ်းအစဉ်အလာ အားလုံးကို ယူသွားပြီ။ သင်္ကြန်ကိုလည်း အလွတ်မပေးသကဲ့သို့ ကဆုန်ညောင်ရေ သွန်းပွဲလည်း မချန်ပါ။ တစ်နှစ်တစ်ခါ လည်သာ ရှိသေးသော်လည်း မှတ်မှတ် ရရ ပြန်ပြောင်းပြောစရာများပင် ဖြစ်နေ တော့သည်။

တနင်္သာရီတိုင်း၏ အချို့ဒေသ ညောင်ရေသွန်းပွဲတော်များ၏ စည်ချက် ကား ကြက်ပျံမကျပင်။
ထားဝယ်ဒေသ၏ ညောင်ရေသွန်း ပွဲအကြောင်းပြောလျှင် ရှင်ကိုးရှင်သမိုင်းဝင် ရှင်မုတ္ထီးဘုရား ညောင်ရေသွန်းပွဲတော်က မပါမဖြစ်။

“မနက် ၄ နာရီကတည်းက မိသားစု အလိုက် ဘုရားကိုလာ ဆွမ်းတွေ သစ်သီး တွေလာတင်ကြတယ်။ တချို့လည်း သစ်သီး ၉ မျိုးတင်ကြတယ်။ ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတွေ ကပ်လှူကြတယ်။ အဲဒီ မနက်ကတည်းကနေ ညောင်ရေသွန်း လိုက်တာ ညနေအထိဆိုပါတော့”
ကဆုန်လပြည့်နေ့ ညနေဆိုလျှင် ဒေသအသီးသီးမှ ရောက်လာသည့် ဧည့်သည်များဖြင့် ရှင်မုတ္ထီးဘုရားဝင်း အတွင်း တိုးမပေါက်တော့ပေ။ ဘုရားဖူး ကား၊ သုံးဘီး၊ ဆိုင်ကယ်များကလည်း ဘုရားအနီးမှ မိုင်ဝက်ခန့်ထိ ရှည်လျားစွာ ပိတ်မိနေတတ်သည်အထိ။

“ဈေးသည်တွေ ဈေးဆိုင်တွေဆို လည်း လမ်းတန်းတောက်လျောက် အပြည့်ပဲ။ မွန်းလွဲ ၁ နာရီ ၂ ချက်ဆို ကုန်ပြီ။ ရေသွန်းပွဲမှာကတော့ ဘာရောင်း ရောင်းကို ကုန်တာ” ဟု ရှင်မုတ္ထီးကျေးရွာသူ ဒေါ်ယဉ်အေးက ပြောသည်။

နှစ်စဉ် ကျင်းပသည့် ကျွဲခတ်ပွဲက ရှင်မုတ္ထီးညောင်ရေသွန်းပွဲတော်၏ အမှတ် သင်္ကေတတစ်ခုပင် ဖြစ်သည်။

ယမန်နှစ်က ညင်းမော် ညောင်ရေသွန်းပွဲ

ကျွဲခတ်ပွဲဆိုသည်က သက်ရှိကျွဲ အစစ်တို့ ခတ်သည်မဟုတ်ပါ။ ကျွဲအရုပ် အတွင်း လူဝင်၍ သရုပ်ပြခတ်ကြခြင်း ဖြစ်သည်။ စက္ကာပါလ ကျွဲမင်းဇာတ်တော် မှ သားဖြစ်သူက ဖခင်ကျွဲမင်းအား ခြေရာတိုင်းကာ ခြေရာချင်းညီသည်နှင့် လိုက်လံလုံးထွေး ခတ်ပုတ်သည့် ဇာတ်တော်ကို သရုပ်ဖော်ခြင်း ဖြစ်သည်။

ထိုကျွဲခတ်ပွဲက ရပ်နီးရပ်ဝေး ကလေး လူကြီးတို့ကို အတော်ပင် ဆွဲဆောင်နိုင်လေသည်။

“ပြီးခဲ့တဲ့နှစ်က ညောင်ရေသွန်းပွဲ စည်ချက်ကတော့ မပြောပါနဲ့။ ကျွဲခတ်ပွဲ မှာ လူက တိုးကြိတ်နေလို့ ကျွဲခတ်ရင်းနဲ့ စင်ပါပြိုတယ်”ဟု ဒေါ်ယဉ်အေးက ဆိုသည်။

များစွာသော ညောင်ရေသွန်းပွဲတော် များအနက် လောင်းလုံးမြို့နယ် ညင်းမော် ကျေးရွာ ညောင်ရေသွန်းပွဲတော် ကျင်းပ ပုံကလည်း တမူထူးပါသည်။ ယနေ့ ခေတ် အဖြစ်အပျက်များကို ထင်ဟပ် စေသည့် ပြကွက်များ လှည့်လည်ပြသ သရော်သည့် ဓလေ့က ညင်းမော်ရွာ ညောင်ရေသွန်းပွဲ၏ ထူးခြားမှုဟု ဆိုရမည်။

ခေတ်စနစ်၏ ဘဝင်မကျစရာ အဖြစ်အပျက်များကို ထော်လာဂျီများ ပေါ်တွင် ဆိုင်းဘုတ်များထောင်၊ လူ ကိုယ်တိုင် သဏ္ဌာန်လုပ် ဟာသနှောကာ သရော်တော်တော် တင်ဆက်ကြသည်။ ထိုညောင်ရေသွန်းပွဲကလည်း ဒေသတွင်း လူစည်လူကြိုက်လှသည့် ညောင်ရေသွန်း ပွဲတော်ပင် ဖြစ်သည်။

မြိတ်တွင်မူ ရေသွန်းပွဲတော်ကို အနည်းဆုံး ငါးရက်မှ ခုနစ်ရက်အထိ ကျင်းပကြသည်။ တန်ခူးလ နှစ်သစ်ကူး ကို လူသင်္ကြန်ဟု ခေါ်ကြပြီး ကဆုန် ညောင်ရေသွန်းပွဲတော်ကိုမူ ဘုရားသင်္ကြန် ဟု မြိတ်သားတွေက ချစ်စနိုး ခေါ်ကြသည်။

နှစ်တိုင်း ကဆုန်လပြည့်နေ့တိုင်း မြိတ်မြို့၏ အစည်ကားဆုံးနေရာမှာ ဘုရားငါးဆူကွင်း ဖြစ်သည်။ မိသားစု အလိုက် အိမ်စီးကားများဖြင့်သော်လည်း ကောင်း၊ ရပ်ကွက်အလိုက် လူငယ်များ စုဝေး၍ ကားကြီးများဖြင့်သော်လည်းကောင်း ရေစည်ရေပုံးအကြီးအငယ်တင် ကာ ဘုရားအဆူဆူအား ရေသပ္ပာယ်ကြ လေသည်။

မြိတ်လူငယ်တို့က ထိုမျှနှင့် မတင်းတိမ်။

ကားပေါ် ဆောင်းဘောက်ကြီးများ ဖွင့်၍ မြို့ပတ်ကာ ရေလှူကြ၊ ညနေ စောင်းတွင် စိတ်ထင်လျှင် ထင်သလို သင်္ကြန်ကဲ့သို့ ရေပက်ကြသေးသည်။

“ကားတစ်စီးနဲ့ ရေတွေတင်ပြီး ကကြခုန်ကြနဲ့ သင်္ကြန်ပြန်ကျသလို ပျော်ကြတာ”ဟု မြိတ် စက်ဝင်းရပ်ကွက်နေ အသက် ၂၄ နှစ်ရှိ ကိုကောင်းမြတ်နိုင်က ပြောသည်။

ယခုနှစ်တွင်မူ တန်ခူးသင်္ကြန်ကို ကိုရိုနာက သိမ်းပိုက်သွားသကဲ့သို့ ကဆုန် ညောင်ရေကိုလည်း ကိုရိုနာကပင် အုပ်သိမ်းသွားလိုက်ပြီဖြစ်သည်။

ကိုရိုနာရောဂါပိုးဂယက်ကြောင့် နှစ်စဉ်ကျင်းပခဲ့သည့် ညောင်ရေသွန်း ပွဲတော် ကျင်းပခွင့် မရကြတော့ပေ။

နှစ်စဉ် ကဆုန်လပြည့်နေ့တိုင်း လူကြိတ်ကြိတ်တိုးနေသည့် ဘုရားငါးဆူ ဘောလုံးကွင်းလေးသည်လည်း ယခုနှစ် တွင်တော့ ခြောက်သွေ့တိတ်ဆိတ်လျက် ရှိနေသည်။

“နေ့လယ်ပိုင်းလောက်ကစပြီး ပန်းခြံ ရှေ့မှာ ရေသွန်းမယ့်ကားတွေသွားတန်းစီ ကြရတာပေါ့။ ဒီနှစ်တော့ လူသင်္ကြန်ရော ဘုရားသင်္ကြန်ပါ မကျရတော့ဘူး။ ကျွန်တော်တို့ကားသမားတွေလည်း အလုပ် မရကြတော့ဘူးပေါ့”ဟု ကားဆရာ ကိုအေးလွင်က ပြောသည်။

ညောင်ရေသွန်းပွဲနေ့တိုင်း ရေပက်ခံ နေကျ မြိတ်မြို့၊ ဇေယျာသီရိရပ်နေ အသက် ၃၅ နှစ်ရှိ မမျိုး တစ်ယောက် လည်း ကဆုန်ဘုရားသင်္ကြန်ကို လွမ်းနေသည်။

“အရင်ကဆို ဒီအချိန်လမ်းထွက်ရင် ကားပေါ်က လူငယ်တွေက ရေတွေနဲ့ လှမ်း ပက်ကြတယ်။ ခုကတော့ တိတ် ဆိတ်နေတာပဲ။ ကိုဗစ်နိုင်တင်းကြောင့် ရေသွန်းပွဲ ဆိုတာကိုတောင် မေ့နေပြီ” ဟု မမျိုးက ပြောသည်။

ကဆုန်လပြည့်တိုင်း ပွဲခံသည့်ခေတ် ကို သရော်ခဲ့သည်မှာ ၆၃ နှစ်တိုင်ခဲ့ပြီဖြစ် သော လောင်းလုံးမြို့နယ် ညင်းမော်ရွာ တွင်လည်း ယခုနှစ်တွင် ညောင်ရေသွန်း ပွဲတော် မကျင်းပတော့ပါ။ ယခင်က စည်ကားခဲ့ရာ ဘောလုံးကွင်းမှာ ခြောက်ပေ ခြားရောင်းရသော ယာယီဈေးနေရာ ဖြစ် လာသည်။

“နှစ်ပေါင်းမြောက်မြားစွာ လက်ဆင့် ကမ်းပြီးလုပ်လာတဲ့ ညောင်ရေသွန်းပွဲ တစ်ခု ဒီနှစ်မှာမှ မလုပ်ဖြစ်တော့ စိတ်ထဲ မှ ဘယ်လိုမှကို မကောင်းဘူး။ မရိုး မရွကိုဖြစ်နေတယ်။ ရှင်းရှင်းပြောရမယ် ဆိုရင် ငယ်ငယ်ကတည်းက လုပ်လာတဲ့ ညောင်ရေသွန်းပွဲကြီးတစ်ခုသည် ဒီနေ့၊ ဒီအချိန်ရောက်မှ ၆၄ ကြိမ်ရောက်မှ ပျက်သွားရတာသည် စိတ်ထဲက မကောင်း ဘဲ နေမလား”ဟု ညင်းမော်တိုက်ကျောင်း ဂေါပကအဖွဲ့ဝင် ဦးမြင့်ဆွေလေးက ပြောသည်။

အချို့ကမူ ကိုရိုနာကြောင့် အပြင် ထွက်ကာ ညောင်ရေ မသွန်းသော်လည်း အိမ်တွင်ပူဇော်ထားသည့် ဘုရားအား အစဉ်အလာမပျက် ရေသွန်းကြသည်။

“နှစ်တိုင်းလည်း အိမ်မှာရော ပွဲတော်မှာပါ ရေသပ္ပာယ်ခဲ့တာပါ။ ဒီနှစ် ညောင်ရေသွန်းပွဲ မရှိတော့ အိမ်ကဘုရား ကိုပဲ လပြည့်နေ့မှာ ရေသွန်းခဲ့တယ်”ဟု မြိတ်တောင်ရပ်နေ မခင်သူဇာက ပြောသည်။

ကဆုန်လပြည့်နေ့တိုင်း မြိတ်-ထားဝယ်ကားလမ်းမကြီး ပိတ်ဆို့ တုံ့ဆိုင်းသွားသည်အထိ စည်ကားခဲ့ သည့် ထားဝယ်ရှင်ကိုးရှင်သမိုင်းဝင် ရှင်မုတ္ထီးဘုရားတွင်လည်း ယခုနှစ် ကျွဲ မခတ်တော့ပါ။

“ဈေးလည်းမရောင်းရဘူး။ နာနတ် သီး ဆယ်လုံးဝယ်ထားတာတောင် မကုန် ဘူး၊ အရင်းပါ ပြုတ်တော့မယ်”ဟု ရှင်မုတ္ထီးကျေးရွာသူ ဒေါ်ယဉ်အေးက ပြောပါသည်။

ထားဝယ်မြို့လယ်မှ ဘုရားကြီးဝင်း တွင်မူ ကိုရိုနာကို မမှုသူ လူအနည်းငယ် တို့က ကဆုန်လပြည့်နေ့တွင် နဖူးကို အဖျားတိုင်းသေနတ်ဖြင့် အပစ်ခံကာ ညောင်ရေသွန်းခဲ့ကြလေသည်။

တနင်္သာရီသတင်းအဖွဲ့