စားသောက်ကုန်လုပ်ငန်းနှင့် အလုပ်သမားအရေး ပြဿနာ ဖြစ်နိုင်သော လုပ်ငန်းများကို ဦးစားပေး စိစစ်နေဟုဆို

0
292

တနင်္သာရီတိုင်းအတွင်းရှိ စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများအနက် စားသောက်ကုန်လုပ်ငန်းနှင့် အလုပ် သမားအရေး ပြဿနာဖြစ်နိုင်သည့် လုပ်ငန်းများကို ဦးစားပေး စိစစ်နေသည် ဟု တနင်္သာရီတိုင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီး ဌာနထံမှ သိရသည်။

တိုင်းအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန ၅၅၆ ရုံအနက် အဓိက ဦးစားပေး စစ်ဆေးရမည့် အလုပ်ရုံ ၂၃၆ ရုံ ရှိကြောင်း သိရသည်။

ပူးပေါင်း စစ်ဆေးရေး အဖွဲ့ ၅ ဖွဲ့ ဖြင့် ခရိုင်အလိုက်စစ်ဆေးမှုများ ပြုလုပ် နေပြီး မေလ ၅ ရက်နေ့ထိ ၁၆၈ ရုံကို စစ်ဆေးပြီးဖြစ်ကြောင်း အထက်ပါဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီစိန်က ပြောသည်။

“ထားဝယ်မှာကတော့ သတ်မှတ် ချက်နဲ့ မကိုက်ညီတဲ့ စက်ရုံ၊ အလုပ်ရုံ တွေ သိပ်မရှိဘူး။ လူတွေ နည်းနည်း များတဲ့ ကင်းမွန်စက်ရုံကိုတော့ ပြန်ပြင် ခိုင်းထားတယ်။ တစ်ပတ် ပိတ်ခိုင်းထား တယ်”ဟု ဒေါ်မီမီစိန်က ဆိုသည်။

ကိုရိုနာဗိုင်းရပ်စရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် စက်ရုံ၊ အလုပ်ရုံ နှင့် အလုပ်ဌာနများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး၏ အကြံပြုချက်၊ သတ်မှတ်ချက်များနှင့်အညီ ဧပြီလ နောက်ဆုံးအပတ်မှ မေလ ၁၅ ရက်အထိ လိုက်လံစစ်ဆေးနေပြီး သတ်မှတ်ချက် များနှင့် မကိုက်ညီသည့် စက်ရုံ၊ အလုပ်ရုံ များကို ပြန်ပြင်ခိုင်းသည်ဟု ၎င်းက ပြောသည်။

စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ တွင် အလုပ်လုပ်နေသည့် အလုပ်သမား များအတွက် အလုပ်ရှင်မှ နှာခေါင်းစည်း နှင့် လက်အိတ်များ၊ လက်ဆေးရည်၊ လက်ဆေးရန် ဆပ်ပြာနှင့်ရေ ထားပေး ခြင်း ရှိ/မရှိ၊ အလုပ်သမားတစ်ဦးနှင့် တစ်ဦး ၆ ပေအကွာ ထား/မထား၊ အိမ်သာ စီစဉ်ထားရှိပေးမှု၊ အလုပ်ချိန် ဝင်ချိန်၊ ထွက်ချိန်နှင့် ထမင်းစားချိန်များ ကို လူစုလူဝေး မဖြစ်ပေါ်စေရန် ခွဲလွှတ် မှု ရှိ/မရှိ၊ ချောင်းဆိုး၊ နှာချေ၊ ဖျားနာ ပါက ကျန်းမာရေးဌာန အကြောင်းကြားမှု စသည့် သတ်မှတ်ချက်များကို စစ်ဆေး ကြောင်း ဒေါ်မီမီစိန်က ပြောသည်။

တနင်္သာရီတိုင်းတွင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနပေါင်း ၅၅၆ ရုံရှိပြီး အလုပ် သမား ၉၆၄၈ ဦးရှိကြောင်း သိရသည်။

မိုးမြင့်