ထီ ရောင်းအားထက်ဝက်ကျ

0
454

ကိုဗစ်နိုင်တင်းဂယက်ကြောင့် ယခုလအတွင်းထီရောင်းအား ထက်ဝက်ကျဆင်းခဲ့ကြောင်း မြိတ်မြို့ရှိထီဆိုင်များထံမှ သိရသည်။


မြိတ်မင်္ဂလာပွဲသို့ လာရောက်ခဲ့သည့် ပိုးတွေ့လူနာအမှတ် ၂၅ ဧပြီလ ၁၀ ရက်တွင် ပိုးတွေ့သည်ဟု ကြေညာပြီးနောက် ရောင်းအားထက်ဝက်ခန့်ကျဆင်းခဲ့ရကြောင်း ထီဆိုင်ရောင်းချသူ တချို့ကဆိုသည်။


သင်္ကြန်တွင်း ရုံးများပိတ်လိုက်ခြင်း၊ မြို့အဝင်အထွက်ခရီးသွားလာမှု ကန့်သတ်လိုက်ခြင်း၊ ညမထွက်ရအမိန့်များ ပြုလုပ်လိုက်ခြင်း၊ ဈေးများအား တစ်နပ်ဈေးအဖြစ် ပြုလုပ်လိုက်ခြင်း စသည်ကြောင့်လည်း ထီရောင်းအားကျဆင်းရခြင်းဖြစ်ကြောင်း ထီရောင်းချသူများက ဆိုသည်။


“ကားတစ်စီး တစ်နေ့ကို ငါးသိန်း ခြောက်သိန်းရနေရာက ခုဆိုရင် တစ်နေ့ သုံးသိန်းတောင် မရတော့ဘူး”ဟု မြိတ်မြို့တွင် ထီကားများပိုင်ဆိုင်သည့် ငွေထပ်တိုးထီဆိုင်မှ ဒေါ်ချိုဇင်မာက ပြောသည်။


လစဉ်အနည်းဆုံး ငါးစောင်တွဲထီတစ်စောင် အမြဲတမ်းထိုးနေသည့် မြိတ်သူတစ်ဦးဖြစ်သူ မခိုင်ကလည်း ယခုလတွင် မထိုးဖြစ်တော့ဟု ဆိုသည်။


“ထီထက် ကျန်းမာရေး၊ စားဝတ်နေရေးပိုအရေးကြီးတယ်။ အခုချိန်မှာ ထီလိုက်ထိုးနေလို့ အဆင်မပြေဘူး”ဟု ၎င်းက ပြောသည်။


မေလ ၁ ရက်နေ့တွင် ထီဖွင့်မည်ဟု အစိုးရမှကြေညာထားပြီး ထီရောင်းအားမရှိသည့်အတွက် မြိတ်ရှိထီဆိုင်အချို့မှာ ဆုံးရှုံးမှုဖြစ်နေကြောင်း ယင်းအသိုင်းအဝိုင်းထံမှ သိရသည်။