ကော့သောင်း တားမြစ်ကွက်ရှိကျွန်းရွာများ ငါးဖမ်းလှေငယ်စာရင်းကောက်

0
662

ကော့သောင်းခရိုင်အတွင်း ငါးဖမ်းခွင့်ပိတ်ပင်ထားသည့် ငါးဖမ်းလုပ်ကွက် ၄ ခု အတွင်းကျရောက်နေသည့် ကျွန်းပေါ်ရွာများရှိ မိရိုးဖလာငါးဖမ်းလှေ စာရင်းကိုကောက်ယူခဲ့ကြောင်း ကော့သောင်းခရိုင်ငါးဦးစီးဌာနဦးစီးမှူး ဦးသန့်ဇင်ထံမှ သိရသည်။


ကော့သောင်းခရိုင်အတွင်း ငါးဖမ်းလုပ်ကွက် ၄ ကွက်(ရေမိုင် ၆၀ ပတ်လည်) ကို နှစ်အကန့်အသတ်မဲ့ငါးဖမ်းခွင့်ပိတ်လိုက်ရာ ယင်းပိတ်လိုက်သည့်ဧရိယာအတွင်း မကြုံကလက်၊ ဂျလန်း၊ စစ်တတ် ဂလက်၊ ဝါးကျွန်းစသည့်ကျွန်းများပေါ် ရှိ ရွာ ၈ ရွာနှင့် အလုပ်စခန်းများပါဝင်သည်။


ယင်းရွာ၈ရွာရှိမိရိုးဖလာငါးဖမ်းလှေများနှင့် ငါးဖမ်းကိရိယာစာရင်းကို နေပြည်တော် ငါးဦးစီးဌာနရုံးချုပ်မှ ကောက်ယူခိုင်းသဖြင့် ဧပြီလနောက်ဆုံးအပတ်က ကွင်းဆင်းကောက်ယူခဲ့ကြောင်း ဦးသန့်ဇင်က ပြောသည်။


“သူတို့က ကမ်းနီးဧရိယာထဲမှာလည်း မဟုတ်ဘူး။ ကမ်းဝေးထဲရောက်နေတာ၊ တားမြစ်ထားတာက (ကမ်းကနေ) ဆယ်မိုင်ဆိုရင် ကမ်းနီးဧရိယာ၊ ဆယ်မိုင်ရဲ့အပြင်ဘက်မှာ ရောက်နေတဲ့ ကမ်းဝေးထဲမှာရောက်နေတဲ့ ကျွန်းရွာကြီးတွေပေါ့။ ကျွန်းရွာတွေမှာရှိနေတဲ့ ဒေသခံလက်လုပ်လက်စား နေ့ချင်းပြန် မိရိုးဖလာလှေလေးတွေကို စာရင်းသွားကောက်တာပေါ့။ ရုံးချုပ်ကလည်းတောင်းလို့” ဟုဦးသန့်ဇင်က ပြောသည်။


ယင်းသို့စာရင်းကောက်ယူခဲ့ရာ ကျွန်းရွာ ၈ ရွာတွင်စက်တပ်ဆင်ထားသည့် ကမ်းနီးငါးဖမ်းလှေ ၅၁၄ စီး၊ လက်လှော်လှေ ၁၂၇ စီးရှိပြီး အားလုံးမှာ ငါးဖမ်းကိရိယာမှာ ကင်းမွန်မျှား ကိရိယာဖြစ်ကြောင်း စာရင်းပြုစုကာတိုင်းရုံးသို့ တင်ပြခဲ့ကြောင်းဦးသန့်ဇင်က ပြောသည်။


ယင်းရွာများတွင် နေထိုင်လုပ်ကိုင် စားသောက်နေသူများမှာ ဆလုံလူမျိုးများ အများစု ဖြစ်သည်။
“စာရင်းလာကောက်တယ်ဆိုတာလည်း ပိတ်တဲ့အထဲမှာ ဘယ်လိုလုပ်ငန်းမျိုးတွေကတော့သူတို့ခွင့်ပြုသင့်တယ်။ ဘယ်လိုလုပ်ငန်းမျိုးတွေကတော့ ကန့်သတ်သင့်တယ်ဆိုတဲ့ဟာမျိုးကို ရယူတဲ့သဘောနဲ့ တူပါတယ်”ဟု ဆလုံအရေးကူညီပေးနေသည့် မကြုံကလက်ရွာနေ ဦးခင်မောင်ထွေး ပြောသည်။


ကော့သောင်းခရိုင်ငါးဦးစီး ဦးသန့်ဇင်ကလည်း မည်သူမျှငါးမဖမ်းရ ကန့်သတ်ဧရိယာသတ်မှတ်ထားသော ၎င်းဧရိယာအတွင်း အထက်ပါစာရင်း ကောက်ယူခိုင်းသည်မှာ မိရိုးဖလာသမားများအတွက် တစ်စုံတရာဖြေလျှော့ပေးနိုင်ရေး စာရင်းကောက်ယူခိုင်းခြင်းဖြစ်နိုင်ကြောင်း သုံးသပ်သည်။


“ရုံးချုပ်ကတော့ တစ်ခုခုတော့လုပ် ပေးမှာပါ။ ဒီဟာနဲ့ပတ်သက်ပြီးတော့ ရုံးချုပ်ကလည်းအမိန့်တစ်စုံတစ်ရာ ပြန်ထုတ်ပေးရမှာပေါ့နော်”ဟု ဦးသန့်ဇင်က ပြောသည်။


ကော့သောင်းပင်လယ်ရေပြင်မိုင် ၆၀ ပတ်လည် မြောက်လတ္တီတွဒ် ၁၀ဒီဂရီနှင့် ၁၁ဒီဂရီအကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒသမ ၃၀ မှ ၉၈ ဒသမ ၃၀ ဒီဂရီကြား ငါးဖမ်းခွင့်ကို ယခုနှစ်စမှစတင်ကာ နှစ်အကန့်အသတ်မဲ့ပိတ်ထားသည်။


ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကမ်းခြေအနီးမှ အနောက်ဘက်စူးစူးမိုင် ၇၀ခန့်၊ ကရသူရိမြို့အနီး ကော့ရဲကြီးကျွန်းမှအနောက်ဘက်စူးစူးမိုင် ၆၀ ခန့်အတွင်း ကမ်းဝေးလှေများ ငါးဖမ်းခွင့် ပိတ်ထားခြင်းဖြစ်သည်။


ထိုဧရိယာအတွင်းဇာဒက်ကြီး၊ သူရဲကောင်းကျွန်းအုပ်စု၊ ရွှေကျွန်း၊ ဂျလမ်းကျွန်း၊ ကျွန်းဖီလာ၊ ငမန်းကျွန်း၊ ငမုတ်ကျွန်း၊ လန်ပိကျွန်း၊ ကျွန်းမဲကြီးစသည့် ကမ်းဝေးလှေတို့ ငါးဖမ်းနေသည့်ကျွန်းအနီးရေပြင်များ ပါဝင်သည်။