မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်စပ်ဂိတ်မှ ထိုင်းပြန်များ ဝင်ခွင့်ပြုတော့မည် မဟုတ်

0
422

မွန်ပြည်သစ်ပါတီက ၎င်းတို့ ထိန်းချုပ်ထားသည့် ဘုရားသုံးဆူဒေသ နယ်စပ်ဂိတ်ဝင်ပေါက်များမှတဆင့် ဧပြီလ ၃၀ ရက်နောက်ပိုင်း ထိုင်းနိုင်ငံမှပြန်လာကြမည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ဝင်ခွင့်ပြုတော့မည်မဟုတ်ကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရ သည်။


လတ်တလောဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ထိုင်းရောက်မြန်မာအလုပ်သမားများအနေဖြင့် မြဝတီနယ်စပ်ဂိတ်မှ တစ်ဆင့် နေရပ်ပြန်လာကြရန်နှင့် ဧပြီလ ၃၀ ရက်နောက်ပိုင်း ပြန်လာသူများအနေဖြင့် ဘုရားသုံးဆူ နယ်စပ်ဂိတ်မှ ပြန်လာခြင်းကိုခွင့်ပြုတော့မည်မဟုတ်ကြောင်း မွန်ပြည်သစ်ပါတီဗဟိုရုံးချုပ်က ဧပြီလ ၂၅ ရက်က စာထုတ်ညွှန်ကြားထားသည်။


“မွန်ပြည်သစ်ပါတီအနေနဲ့ နယ်စပ်ဂျပန်ရေတွင်း၊ ကြံတောဂိတ်ကို ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြတ်ပြတ်သားသား ပိတ်သွားမှာဖြစ်ပါတယ်”ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းဆက်ဆံရေးတာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။


ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဘုရားသုံးဆူနယ်စပ်ဂိတ်မှ နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဝင်ရောက်ခြင်းကို အစိုးရဘက်ကပိတ်ပင်ထားသော်လည်း အချို့ရွှေ့ပြောင်းအလုပ်သမားတို့က ပွဲစားအကူအညီဖြင့် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်ထားသည့် ဘုရားသုံးဆူဒေသ ဂျပန်ရေတွင်းနှင့် ကြံတောကျေးရွာ နယ်စပ်ဂိတ်တို့မှတစ်ဆင့် တရားမဝင်ဝင်ရောက်ရန် ကြိုးပမ်းလျက်ရှိသည်။


ဧပြီလအတွင်း နေရပ်ပြန်ရွှေ့ပြောင်း အလုပ်သမား ၁၅၀ ဦးခန့်တို့က ပွဲစား၏စီစဉ်ပို့ဆောင်မှုဖြင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်စပ်ဂိတ်ဖြတ်ပြီး နေရပ်ပြန်ရန်ရောက်ရှိလာခဲ့ကြောင်း၊ အဆိုပါ နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားများကိစ္စကို ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းခဲ့မှုကြောင့် အစိုးရ၏အစီအစဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး နေရပ်ပြန်နိုင်ရေးဆောင်ရွက်ခဲ့ရသည်ဟု နိုင်ဗညားလယ်က ပြောသည်။


ထိုင်းမှ နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဘုရားသုံးဆူနယ်စပ် ဂိတ်မှ ပြန်လည်ဝင်ရောက်ပါက တရားဝင်ပြန်လည်ဝင်ရောက်ခြင်းဖြစ်စေရေးအတွက် မြဝတီနယ်စပ်ဂိတ်မှသာ ဝင်ထွက်စေရေး ပူးပေါင်းကူညီဆောင်ရွက်ပေးရန် မွန်ပြည်နယ်အစိုးရ အဖွဲ့က ဧပြီလ ၂၁ ရက်က မွန်ပြည်သစ်ပါတီကို အကြောင်းကြားစာပေးပို့ထားသည်။


မွန်ပြည်သစ်ပါတီအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားအား တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ပို့ဆောင်ပေးနေသည့်ပွဲများကို အရေးယူနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိသည်။


၎င်းအပြင် နေရပ်ပြန်ရွှေ့ပြောင်းအလုပ်သမားများအား တရားမဝင်ပို့ဆောင်ပေးနေသည့် ပွဲစားများ ဖမ်းဆီးရမိပါက ဒဏ်ကြေးဘတ်ငါးသောင်း သို့မဟုတ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ လဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ထိရောက်စွာအရေးယူမည်ဟု ထုတ်ပြန် ကြေညာထားသည်။