မလတ်တောင် ပြိုမှုကြောင့် နေအိမ်ပျက်စီးသွားသူများကို နေအိမ်ပေးအပ်

0
418

ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် မလတ်တောင်ပြိုကျမှုကြောင့် နေအိမ်ပျက်စီးသွားသူများကို ပြည်နယ်အစိုးရက မတ်လ ၂၈ ရက်က နေအိမ်အသစ် ပေးအပ်ခဲ့သည်။


မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၂၀၁၉ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် သဲဖြူကုန်းကျေးရွာ၌ မလတ်တောင်ပြိုကျမှုဖြစ်ပွားခဲ့ရာ လူနေအိမ်များ ပျက်စီးဆုံးရှုံးသွားခဲ့ပြီး လူရာနှင့်ချီလည်း သေဆုံးသွားခဲ့သည်။


နေအိမ်ပျက်စီးသွားသည့် မိသားစုများအတွက် ပြည်နယ်အစိုးရက တောင်ပြိုမှုဖြစ်ခဲ့သည့်နေရာမှ ရန်ကုန်သွားသည့်ဘက် သဲဖြူကုန်းကျေးရွာဘောလုံးကွင်းမရောက်ခင် အောက်ဘက်ခြမ်းရှိ စားကျက်မြေနေရာပေါ်တွင်အကွက်ဖော်ပြီး နေအိမ်အသစ်တည်ဆောက်ပေးခဲ့သည်။


“အိုးအိမ်ဆုံးရှုံးသွားတဲ့ အခြေအနေကို ကျေးရွာတာဝန်ခံနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကနေ စာရင်းကောက် ခိုင်းတယ်။ စာရင်းတက်လာတာက အကုန်လုံး ၂၃ အိမ်ပေါ့”ဟု မွန်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဦးထွန်းမင်းအောင် က ပြောသည်။


ပြည်နယ်အစိုးရက တည်ဆောက်ပေးထားသည့် နေအိမ် ၂၃ လုံးအနက် နစ်နာသူနှစ်ဦးက နေအိမ်ကို မယူတော့သည့်အတွက် နေအိမ် ၂၁ လုံးကိုသာ နစ်နာသူလက်ထဲသို့ ပေးအပ်ခဲ့သည်ဟု ဝန်ကြီးက ဆက်ပြောသည်။


အဆိုပါ နေအိမ်များအတွက် စုစုပေါင်းကုန်ကျစရိတ် ကျပ်သိန်း ၇၀ဝ၀ ကျော် ကုန်ကျခဲ့ကြောင်း သိရသည်။


နစ်နာသူအများစုသည် ၎င်းတို့နေထိုင်ခဲ့သည့် မလတ်တောင်ပြိုကျခဲ့သည့်နေရာတွင်သာ ပြန်လည်နေထိုင်လိုသော်လည်း နောက်ဆုံးတွင် ပြည်နယ်အစိုးရမှ နေရာချပေးသည့်နေရာအသစ် အိမ်အသစ်ကိုလက်ခံရယူကြသည်။


“ဆန္ဒကတော့ အရင်နေရာကိုပဲ ပြန်လိုချင်တာပေါ့။ အရင်နေရာပဲ ပေးရင်တော့ ပိုပြီးတော့ ကောင်းတာပေါ့။ အခုက ဟိုနေရာမရဘူး၊ ဒီမှာပဲ နေရာချပေးမယ်၊ ဒီနေရာပဲပေးမယ်ဆိုတော့ ဒီနေရာကိုပဲ ယူရတာပေါ့” ဟု မလတ်တောင်ပြိုမှုတွင် နေအိမ်ပျက်စီးဆုံးရှုံးသွားသူ ကိုမြင့်ထွန်းက ပြောသည်။


မလတ်တောင်ပြိုသွားသည့်နေရာသည် ဆက်နေထိုင်ရန် မသင့်တော့သည့်အတွက် ယခုကဲ့သို့ ပြောင်းရွှေ့နေရာချထားခြင်းဖြစ်ကြောင်း သိရသည်။