ငွေလို၍ ရွှေရောင်းသူများ အခက်တွေ့

0
589

ရွှေဆိုင်များ ပိတ်ထားခြင်းကြောင့် ငွေကြေးလိုအပ်၍ ရွှေပြန်ရောင်းသူများ အခက်တွေ့နေရကြောင်း ထားဝယ်ဒေသခံအချို့ထံမှ သိရသည်။


လက်ရှိတွင် ကိုရိုနာရောဂါဘေးကြောင့် ထားဝယ်မြို့စည်ပင်သာယာဈေးကြီးရှိ ရွှေဆိုင်အားလုံးကို ယာယီပိတ်ထားသည်။


ငွေကြေးလိုအပ်၍ရွှေပြန်ရောင်းသူများက ရွှေဆိုင်ပိတ်ထားသဖြင့် ရွှေဆိုင် ပိုင်ရှင်၏နေအိမ်ကို လိုက်ရှာကာပြန်ရောင်းချနေသည်ကို တွေ့ရကြောင်း စည်ပင်သာယာဈေးကြီးတွင် ဂိတ်ထိုးပြေးဆွဲနေသည့် သုံးဘီးယာဉ်မောင်းတစ်ဦးက ဆိုသည်။


နယ်ဘက်မှ ရွှေလာရောင်းသူများက ရွှေဆိုင်ပိုင်ရှင်၏နေအိမ်ကိုမသိသဖြင့် သုံးဘီးနှင့် ဆိုင်ကယ်တက္ကစီ မောင်းသူများကိုလမ်းပြပေးရန် ငှားရမ်းသူများ နေ့စဉ်တွေ့နေရကြောင်း ၎င်းက ပြောသည်။


“တစ်ရက်မှာဆို အဲလိုလာငှားတာ အနည်းဆုံးငါးယောက်လောက်ကို ရှိတယ်” ဟု အဆိုပါ သုံးဘီးယာဉ်မောင်းက ဆိုသည်။


ဧပြီလ ၁၇ ရက်နေ့မှစကာ စည်ပင်သာယာဈေးအတွင်း အခြေခံစားသောက်ကုန်၊ ဆပ်ပြာနှင့် ဆေးဝါးဆိုင်များသာရောင်းချရန်နှင့် အခြားဆိုင်များမဖွင့်ရန် စည်ပင်သာယာရေးအဖွဲ့က အသိပေးကြေညာထားသည်။


ထိုကြောင့် ရွှေဆိုင်ရှင်အချို့က နေအိမ်တွင်ဖွင့်လှစ်ရောင်းချနေကြသည်။ နေအိမ်တွင် ဆိုင်ဖွင့်ထားပြီး လက်ရှိတွင် ရွှေဝယ်ယူသူမရှိသလောက်နည်းပါးပြီး ပြန်ရောင်းချသူက ပိုများကြောင်း ဈေးကြီးတောင်ဘက်ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။


“ငွေလိုလို့ ပြန်ရောင်းတဲ့လူကများတယ်”ဟု အဆိုပါ ရွှေဆိုင်ပိုင်ရှင်က ပြောသည်။
လက်ရှိတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၁ သိန်းခြောက်သောင်းကျပ်ခန့် ပေါက်ဈေးရှိကြောင်း အထက်ပါရွှေဆိုင်ပိုင်ရှင်ထံမှ သိရသည်။