မေလအတွင်း မုတ်သုံဝင်နိုင်

0
339

အနောက်တောင်မုတ်သုံလေသည် တနင်္သာရီတိုင်းအတွင်းသို့ မေလ ၁၆ ရက် မှ ၂၁ အတွင်း ဝင်ရောက်နိုင်ခြေရှိကြောင်း တနင်္သာရီတိုင်းမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။


ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် မေလ ၁ ရက်မှ ၂ ရက်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ပြီး လေဖိအားနည်းရပ်ဝန်းသည် ၄ ရက်အတွင်း ပိုမိုအားကောင်းလာနိုင်၍ မုန်တိုင်းငယ်အဆင့်ထိရောက်ရှိနိုင်သည်ဟု အထက်ပါဌာနမှ တိုင်းဦးစီးမှူးဦးကျော်မိုးခိုင်က ပြောသည်။


“မုန်တိုင်းငယ်အဆင့်ရောက်လာရင် ပင်လယ်ကမ်းခြေတွေမှာ တည်ထားတဲ့ရွာတွေအနေအထားနဲ့တော့ သတိထားရမယ်။ ကျွန်တော်တို့အတွင်းပိုင်းကျတဲ့ နေရာတွေမှာကတော့ မိုးပဲ အဓိကသတိထားရမှာပေါ့။ မိုးကြီးနိုင်တဲ့ အနေအထားမျိုးတွေ့ရတယ်” ဟု ဦးကျော်မိုးခိုင်က ဆိုသည်။


မုန်တိုင်းငယ်ဖြစ်ပေါ်လာပါ တနင်္သာရီတိုင်းတွင် မိုးကြီးနိုင်သဖြင့် တောင်ပြိုနိုင်သောကြောင့် တောင်စောင်းတွင် နေထိုင်သူများအနေနှင့် သဘာဝဘေးကို ကြိုတင်သတိထားသင့်ကြောင်း ၎င်းက ပြောသည်။


ထို့အပြင် ပင်လယ်ပြင်တွင် တစ်နာရီမိုင် ၄၀ နှုန်းခန့် လေပြင်းတိုက်ခတ်နိုင်သဖြင့် ရေလုပ်သားများ သတိထားသင့်ကြောင်း ဦးကျော်မိုးခိုင်က ဆိုသည်။


မေလဆန်း ၁၀ ရက်အတွင်း မိုးလေဝသခန့်မှန်းချက်အရ တနင်္သာရီတိုင်းတွင် မိုးရွာသွန်းမှု ၆ ရက်မှ ၇ ရက်အထိရှိနိုင်ပြီး ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်တည်လာပါက အနောက်တောင်မုတ်သုံလေဝင်ရောက်မှုသည် ယမန်နှစ်ကထက် သုံးလေးရက်ခန့် ပို၍စောနိုင်သည်ဟု ဦးကျော်မိုးခိုင်က ဆိုသည်။


တနင်္သာရီတိုင်းတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားရွာနိုင်ပြီး မိုးထစ်ချုန်းရွာနိုင်သည်ဟု အထက်ပါဌာနထံမှ သိရသည်။


မေလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာဖွယ်ရှိသည့် မုန်တိုင်းသတင်းနှင့် နေ့စဉ်ဖြစ်ပေါ် ပြောင်းလဲနေသည့် မိုးလေဝသအခြေအနေများကို အချိန်နှင့်တပြေးညီ ထုတ်ပြန်မည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။


နောက်တောင်မုတ်သုံလေသည် မြစ်ဝကျွန်းပေါ်ဒေသများသို့ မေလ ၂၂ မှ ၂၇ ရက်အကြား၊ မြန်မာနိုင်ငံအလယ်ပိုင်းဒေများသို့ မေလ ၂၈ ရက်မှ ဇွန်လ ၃ ရက်နေ့အထိ၊ မြန်မာနိုင်ငံမြောက်ပိုင်းသို့ ဇွန်လ ၄ ရက်မှ ၈ ရက်အထိ ဝင်ရောက်နိုင်ခြေရှိကြောင်း အထက်ပါဌာနက ခန့်မှန်းထားသည်။

မိုးမြင့်