ဒေါက်တာလဲ့လဲ့မော်အမှု အပြီးသတ်ကြားနာတော့မည်

0
1365

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲချက်တင်ခံထားရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အမှုကို အပြီးသတ်ကြားနာတော့မည်ဖြစ်ကြောင်း တိုင်းဒေသကြီးတရားလွှတ်တော်ရုံးထံမှ သိရသည်။


စတင်တရားစွဲဆိုချိန်မှ ၁၃ လကျော်အကြာတွင် နှစ်ဘက်အပြီးသတ်လျှောက်လဲချက် ကြားနာမည်ဖြစ်သည်။ တရားခံရှေ့နေဘက်က မူလကခံပြသက်သေ ၂၄ ဦး စစ်ဆေးရန် တင်သွင်းထားသော်လည်း ၁၁ ဦးကိုသာစစ်ဆေးပြီးနောက် တရားခံရှေ့နေများကိုယ်တိုင် ပယ်ခဲ့ခြင်း ဖြစ်သည်။


ဧပြီလ ၃၀ ရက် နောက်ဆုံးရုံးချိန်းတွင် လက်ရှိဝန်ကြီးချုပ်ဦးမြင့်မောင်နှင့် အခြားသက်သေနှစ်ဦးကိုလည်း တရားခံပြသက်သေအဖြစ် စစ်ဆေးခဲ့သည်။ အမှုကို ၂၀၁၉ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် စတင်တရားစွဲခြင်းဖြစ်ပြီး ရုံးချိန်း ၆၀ ခန့် စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေ ၈၈ ဦးကို စစ်ဆေးခဲ့သည်။


၂၀၂၀ ပြည့်နှစ် မေလ ၈ ရက်နေ့ ရုံးချိန်းတွင် နှစ်ဘက်အပြီးသတ်လျှောက်လဲချက်ကို ကြားနာမည်ဖြစ်ကြောင်း တိုင်းတရားလွှတ်တော် သတင်းပြန်ကြားရေးအဖွဲ့ဝင် ဦးဇော်မင်းနိုင်က ဆိုသည်။


တရားစီရင်ရေးသဘောတရားအရ နှစ်ဘက်အပြီးသတ်လျှောက်လဲချက် ကြားနာပြီးပါက နောက်ထပ်ရုံးချိန်းတွင် အမိန့်ချမည်ဖြစ်သည်။


“ယင်းရုံးချိန်းမှာ နှစ်ဘက်အပြီးသတ် လျှောက်လဲကြားနာသွားမှာဖြစ်ပါတယ်”ဟု ဦးဇော်မင်းနိုင်က ပြောသည်။


အမှု၏ ၄၄ ကြိမ်မြောက် ရုံးချိန်းဖြစ်သည့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်တွင် ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီတာဝန်ရှိသူသုံးဦးကို စွဲချက်တင်ခဲ့သည်။


အထက်ပါအမှုလေးခုစလုံးအတွက် နှစ်ဘက်တင်သွင်းထားသည့် သက်သေခံ စာရွက်စာတမ်းလေးရာကျော်ရှိကြောင်း တိုင်းတရားလွှတ်တော်ထံမှ သိရသည်။


ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် အမှုလေးမှုဖြင့် စွဲချက်တင်ထားပြီး ယင်းအမှုလေးခုအနက် နှစ်မှုတွင် GGS ကုမ္ပဏီ တာဝန်ရှိသူများပါဝင်ပြီး ၎င်းတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် စွဲချက်တင်ထားသည်။


နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ သို့မဟုတ် နိုင်ငံရေးရာထူးယူထားစဉ်က အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ်သည့် ယင်းဥပဒေပုဒ်မ – ၅၅ ကို ဖောက်ဖျက်ပါက ၁၅ နှစ်ထက်မပိုသည့် ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်ခံရမည်ဖြစ်သည်။


အဂတိဥပဒေပုဒ်မ – ၆၃ မှာ ကျူးလွန်ရန် လှုံ့ဆော်ခြင်း၊ အားထုတ်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်း၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီခြင်းဖြစ်ပြီး ဖောက်ဖျက်ပါက အထက်ပါ ပြစ်ဒဏ်ကိုပင် ချမှတ်ခံရမည်ဖြစ်သည်။